CNI International News

ဘေကျင်း၊ ဒီဇင်ဘာ ၁၁

ဆီးရီးယားနိုင်ငံတွင် သူပုန်များ၏ တိုက်ခိုက်မှုကြောင့် သမ္မတအာဆတ် (Bashar al-Assad) အစိုးရ ပြုတ်ကျသွား ခဲ့မှုသည် အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၏ သံတမန်ရေးရာ အားထုတ်ကြိုးပမ်းများကို သက်ရောက်မှု ရှိစေခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်သည် လွန်ခဲ့သည့် ၁ နှစ်ကျော် အချိန်ကပင် အာဆတ်နှင့် ၎င်းဇနီး၏ ၆ ရက်ကြာ နိုင်ငံတော်ခရီးစဉ်ကို ကြိုဆိုခဲ့သည်။

ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံတကာ၏ ဖယ်ကြဉ်ခံထားရသည့် အာဆတ် ကို တရုတ်က လှိုက်လှဲစွာ ကြိုဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အာရှအားကစားပွဲတော်ကို အာဆတ်တို့ ဇနီးမောင်နှံ တက်ရောက်ကြည့်ရှုချိန်ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ဆီးရီးယားအရေးတွင် ပြည်ပကြားဝင်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း၊ အာဆတ်ကို ထောက်ခံကြောင်းနှင့် ဆီးရီးယားနိုင်ငံ ပြန်လည်ထူထောင်ရေးကို ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆတ်နဲ့ဇနီးကို တရုတ်အစိုးရက ကြိုဆိုနေစဉ်

သို့သော် တရုတ်က လူသိရှင်ကြား ထောက်ခံပေးခဲ့သည့် အာဆတ်၏ အာဏာရှင်အစိုးရ ချက်ချင်းပြုတ်ကျသွား ချိန်တွင် အရှေ့အလယ်ပိုင်းဒေသ၌ တရုတ်၏ သံတမန်ရည်မှန်းချက်များအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပြီး ထိုဒေသတွင် တရုတ်၏ မဟာဗျူဟာကို အကန့်အသတ်များ ရှိလာစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။ 

"ဒေသတွင်း နိုင်ငံရေး အလားအလာကို ပုံဖော်နေတဲ့ တရုတ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ထွက်ပေါ်လာပါတယ်"ဟု Atlantic Council မှ ကျွမ်းကျင်သူ ဂျိုနသန် ဖူလ်တန် (Jonathan Fulton) က ပြောကြားခဲ့သည်။

အာဆတ် အစိုးရပြုတ်ကျသွားမှုနှင့်အတူ အာဆတ်ကို အဓိက ထောက်ပံ့ပေးနေသည့် အီရန်နှင့် ရုရှားတို့၏ အာရပ် ကမ္ဘာအပေါ် ဩဇာလွှမ်းမိုးမှုသည်လည်း လျော့ကျလာခဲ့သလို တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ အတွက်လည်း ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း ဖူလ်တန်က ပြောကြားခဲ့သည်။

"တရုတ်ရဲ့ လူသိရှင်ကြား လုပ်ဆောင်ခဲ့တဲ့ အရာတွေဟာ အီရန်နဲ့ ရုရှားရဲ့ ထောက်ခံမှုတွေအပေါ် မူတည်နေ ပါတယ်။ သူတို့တွေဟာ အရှေ့အလယ်ပိုင်းဒေသက အကြီးဆုံးမိတ်ဖက်ဖြစ်တဲ့ ဆီးရီးယားနိုင်ငံကို ပွင့်ပွင့်လင်း လင်း ကူညီပေးခဲ့ပါတယ်" ဟု ဖူလ်တန်က ပြောသည်။

ဆီးရီးယားသူပုန်များကို တွေ့ရစဉ်

၂၀၂၃ ခုနှစ်က တရုတ်သည် ကာလကြာရှည် ပြိုင်ဘက်များဖြစ်ခဲ့သည့် ဆော်ဒီအာရေဗျနှင့် အီရန်အကြား သဘောတူညီမှု ရရှိစေရန် အောင်မြင်စွာ ကြားဝင်စေ့စပ်ပေးခဲ့ပြီးနောက် ဒေသတွင်း ဩဇာလွှမ်းမိုးမှု မြင့်တက်ခဲ့ သည်။

ထို့ပြင် ယခုနှစ် အစောပိုင်းကလည်း တရုတ်သည် ဖာတာ၊ ဟားမာ့စ်နှင့် အခြား ပါလက်စတိုင်း အဖွဲ့ခွဲများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြားဝင်စေ့စပ်ပေးခဲ့ပြီး ထိုဒေသတွင် ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ခဲ့ သည်။

သို့သော်လည်း လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ တရုတ်၏ ကြီးမားသည့် မိတ်ဖက်နိုင်ငံဖြစ်သော ဆီးရီးယားနိုင်ငံမှ အာဆတ်က နိုင်ငံအတွင်းကနေ ထွက်ပြေးသွားမှုသည် ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို မြှင့်တင်လိုသည့် တရုတ်၏ သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများအပေါ် အခက်တွေ့စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ