CNI International News

ဒမတ်စကတ်၊ ဇူလိုင် ၂၆

ဆီးရီးယားအစိုးရသစ်က လက်ဘနွန်နိုင်ငံဖွား သြစတြေးလျနိုင်ငံသား အေဘရာဟင် ဆက်ကာရီယာ (Abraham Succarieh) အပါအဝင် အမည်ဝှက် ပုဂ္ဂိုလ်အများအပြားကို အသုံးပြုပြီး လျှို့ဝှက်ကော်မတီ တစ်ခု၏ လမ်းညွှန်မှု အောက်တွင် ၎င်း၏စီးပွားရေး အခင်းအကျင်းကို ပြန်လည်ပုံဖော်လျက်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

သမ္မတ အာမက်အယ်ရှား(Ahmed al-Sharaa)၏ ညီဖြစ်သူ ဟာဇမ်(Hazem)က ကြီးကြပ်ကွပ်ကွဲနေသော ထိုကော်မတီက အာဆတ်ခေတ် လုပ်ငန်းရှင်ကြီးများကို တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ရရှိရန် အလဲအလှယ် အနေဖြင့် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း သို့မဟုတ် ညှိနှိုင်းထိန်းချုပ်ခြင်းများ ပြုလုပ် နေကြသည်။

အများပြည်သူ အသိအမှတ်ပြုမှု မရှိဘဲ လုပ်ဆောင်နေသည့် ထိုအဖွဲ့သည် ဆီးရီးယား၏ အဓိက ဆက်သွယ်ရေး အော်ပရေတာနှင့် ပုဂ္ဂလိက လေကြောင်းလိုင်း အပါအဝင် အဓိကကုမ္ပဏီများကို လွှဲပြောင်းရယူခဲ့ကာ စီးပွားရေးကို ပြန်လည်ပုံဖော်လျက်ရှိသည်။

ကော်မတီ၏ ဘဏ္ဍာရေးပိုင်းကို အဘူအဗ္ဗဒယ်ရာမန်(Abu Abdelrahman)ဟု လူသိများသည့် မူစတာဖာကာဒစ် (Mustafa Qadid) က ဗဟိုဘဏ်အတွင်းပိုင်းမှ စီမံဆောင်ရွက်လျက်ရှိပြီး သူသည် တရားဝင် ဆုံးဖြတ်ချက်များ အပေါ် ဗီတိုအာဏာကို ဆွဲကိုင်ထားသည်ဟု သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

 ဆီးရီးယားနိုင်ငံအတွင်းက လူငယ်တွေကိုတွေ့ရစဉ်

ဥပဒေကြောင်းအရ အရေးယူမည့်အစား အစိုးရအသစ်သည် အာဆတ်နှင့် ဆက်နွှယ်နေသည့် စီးပွားရေး သမားများ နှင့် အပေးအယူလုပ်ကာ တရားရေးကိစ္စများကို ရှောင်လွှဲပြီး ရင်းနှီးမြှုပ်နှံသူများကို အထိတ်တလန့် မဖြစ်စေဘဲ ၎င်းတို့၏ ပိုင်ဆိုင်မှုများအား သိမ်းယူရန် ကြိုးပမ်းလျက်ရှိသည်။

မိုဟာမက်ဟမ်ရှို( Mohammed Hamsho)နှင့် ဆာမာဖို့ဇ်(Samer Foz)ကဲ့သို့ အဓိက လုပ်ငန်းရှင်ကြီးများသည် စက်ရုံများ၊ လေကြောင်းလိုင်းများနှင့် သတ္တုလုပ်ငန်းများ အပါအဝင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိုလုပ်ငန်းများမှ ရရှိသော အမြတ်ငွေများ၏ တစ်စိတ်တစ်ပိုင်းကို ပြန်ပေးမည်ဟူသည့် သဘောတူညီချက်ဖြင့် အစိုးရထံ လွှဲပြောင်း ပေးခဲ့ရသည်။

ဝေဖန်သူများကမူ အစိုးရသစ်သည် ယခင်အစိုးရနှင့် ကွာခြားမှု မရှိကြောင်း ထောက်ပြခဲ့ကြသည်။

အမှန်တကယ် ပြောင်းလဲမှုကို ယူဆောင်ပေးရမည့်အစား သြဇာရှိသော အဖွဲ့ဟောင်းများကို အဖွဲ့သစ်များဖြင့် အစားထိုးကာ အလားတူ အကျင့်ပျက်ခြစားမှု အလေ့အထကို ဆက်လက် ကျင့်သုံးလျက်ရှိသည်ဟု ဝေဖန်ထား ကြသည်။

ထိုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း အစိုးရသည် အချုပ်အခြာ အာဏာပိုင် ကြွယ်ဝချမ်းသာရေး ရန်ပုံ ငွေကို ထူထောင်ခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံထံမှ ရင်းနှီးမြှုပ်နှံမှုများကို ရယူနိုင်ခဲ့သည်။

Source: ရိုက်တာ