CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၆
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် ဇူလိုင်၂၄ ရက်ကစပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များသည် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို ပြန်လည်သုံးသပ်နေကြောင်း The Nation မှ ဖော်ပြခဲ့သည။
ထိုင်းကုမ္ပဏီများသည် ကမ္ဘောဒီးယားရှိ ပွဲအခမ်းအနားများကို ဖျက်သိမ်းခြင်း၊ စတော့ရှယ်ယာများ တိုးမြှင့်ခြင်းနှင့် အရေးပေါ် အစီအစဉ်များ ရေးဆွဲခြင်းတို့ ပြုလုပ်နေသည်။
စစ်ရေးတင်းမာမှုများ မြင့်တက်နေသဖြင့် ထိုင်းသည် ကမ္ဘောဒီးယားနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များအားလုံး ပိတ်ပင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်က ဘတ် ၁၇၄ ဒသမ ၅၃ သန်းအထိရှိခဲ့သော ကုန်သွယ်မှုများကို အဟန့်အတား ဖြစ်စေခဲ့သည်။
အဓိက နယ်စပ်ဂိတ် ၅ ခုဖြစ်သည့် Aranyaprathet (Sa Kaeo)၊ Khlong Yai (Trat) ၊ Chanthaburi ၊ Chong Jom (Surin) နှင့် Chong Sa-ngam (Sisaket) နယ်စပ်ဂိတ်များတွင် ပို့ကုန်တန်ဖိုး ဘတ် ၁၄၁ ဒသမ ၈၅ သန်း ရှိခဲ့ကာ သွင်းကုန်တန်ဖိုးသည် ဘတ် ၃၂ ဒသမ ၆၈ ဘီလျံ ရှိခဲ့သည်။
အောက်ခြေလူတန်းစားတစ်ရပ်ကို တွေ့ရစဉ်
ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားတွင် ထိုင်း၏ ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၃ ဒသမ ၇၈၅ ဘီလျံရှိခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံသား ၆၂,၇၃၃ ဦးကို ဝန်ထမ်းအဖြစ် အလုပ်ခန့်ထားကာ အများစုသည် စိုက်ပျိုးရေးလုပ်ငန်းများ၌ ဖြစ်သည်။
ထိုင်း-ကမ္ဘောဒီးယား စီးပွားရေးကောင်စီ၏ဥက္ကဋ္ဌ ဗိုရာတက် တန်တီမွန်ကိုလ်ဆွတ် (Voratat Tantimongkolsuk) ကတော့ ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် နေရပ်သို့ ပြန်၊ မပြန် ဆုံးဖြတ် ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်သဘောထားအပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးအနေဖြင့် နောက်ထပ် တင်းမာမှုများနှင့် ဆုံးရှုံးမှုများကို တားဆီးရန် ပဋိပက္ခအား အဆုံးသတ်ပြီး ဆွေးနွေးကြရန် ၎င်းက ပြောကြားခဲ့သည်။
“ထိုင်း-ကမ္ဘောဒီးယား စီးပွားရေးကောင်စီက ဒီကိစ္စကို အရေးပေါ် အစီအစဉ် ရေးဆွဲဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေ ဖြစ်နေတာကြောင့် ကမ္ဘောဒီးယားမှာရှိတဲ့ ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လုံခြုံရေးကို အနီးကပ်စောင့်ကြည့်ရပါမယ်”ဟု ဗိုရာတက်က ပြောကြားခဲ့သည်။
Source: The Nation