CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၃
ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနှင့် ဖြစ်ပွားနေသည့် နယ်စပ်ဒေသပဋိပက္ခကို တုန့်ပြန်ဆောင်ရွက်မှုအား အရှိန် မြှင့်တင်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထို့နောက် ရန်သူများ၏ တိုက်ခိုက်ရေး စွမ်းဆောင်ရည်များကို ဖျက်ဆီးရန်နှင့် ရန်သူများ၏ တိုက်ခိုက်မှုအား အထောက်အကူ ဖြစ်စေသည့် ဘဏ္ဍာရေး အဆောက်အအုံများကို ထိခိုက်ပျက်စီးစေရန် ကြီးမားပြီး ချိတ်ဆက် ညှိနှိုင်းမှုရှိသည့် စစ်ဆင်ရေးကို လုပ်ဆောင်နေသည်။
ထိုင်းစစ်တပ်၏ စစ်ဆင်ရေးသည် ရန်သူ၏ ပစ်မှတ်အများအပြားကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သည့် စစ်ရေး မဟာဗျူဟာဖြစ်သော parallel attack ဗျူဟာဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြနေကြသည်။
ထိုစစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း "ဟွန်ဆန်၏ ထမင်းပန်းကန်ကို ခွဲခြင်း" (crushing Hun Sen's rice bowl) ဖြစ်ကြောင်း ထိုင်းစစ်တပ်က သုံးနှုန်းပြောဆိုခဲ့သည်။
ထိုအသုံးအနှုန်းမှာ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်၏ မိသားစုနှင့် ဆက်နွှယ်နေသည့် ဘဏ္ဍာရေးကွန်ရက်ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
ကမ္ဘောဒီးယား၏ နည်းဗျူဟာများသည် တစ်စထက်တစ်စ ပိုမိုကျယ်ပြန့် ပြင်းထန်းလာကြောင်း ထိုင်း၏ အမှတ် ၂ စစ်ဒေသထံမှ ထောက်လှမ်းရေးသတင်းများကို ရရှိခဲ့ပြီးနောက် ထိုင်းဘက်ကလည်း မဟာဗျူဟာကို ပြောင်းလဲ ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့သည်။
ထောက်လှမ်းရေး သတင်းများအရ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံကို တိုက်ခိုက်ရန် FPV Kamikaze ဒရုန်းများကို ထိန်းချုပ်မောင်းနှင်မည့် ပြည်ပနိုင်ငံသားများကို ငှားရမ်းနေကြောင်း စုံစမ်းသိရှိခဲ့သည်ဟုဆိုသည်။

ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ကို တွေ့ရစဉ်
၈၂ မမ မော်တာကျည်များ တပ်ဆင်ထားသည့် ထိုဒရုန်းများကို fibre-optic ကေဘယ်ကြိုးများဖြင့် ထိန်းချုပ် မောင်းနှင်ခြင်းဖြစ်သဖြင့် ဒရုန်းများကို ဖျက်သည့် jammer များအား ကျော်လွှားကာ ထိုင်း၏ စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး ဂျက်ကရစ် သမ္မာဝီချိုင်း (Jackkrit Thammavichai) ကမူ ထိုင်း၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များသည် ရန်သူများ၏ ပစ်မှတ်များကို တိုက်ခိုက်ရန်၊ ရန်သူများ၏ ဒရုန်းထိန်းချုပ်ရေး စခန်းများအား တိုက်ခိုက်ရန်နှင့် ရန်သူများ၏ စွမ်းဆောင်ရည်များကို လျှော့ချရန် အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘောဒီးယား၏ ကာစီနိုရုံများ၊ မဟာဗျူဟာမြောက် စစ်ရေးပစ်မှတ်များဟု သတ်မှတ်ထားသည့် အဆောက်အအုံများကို တိုက်ခိုက်ရန် F-16 နှင့် Gripen တိုက်လေယာဉ်များ အပါအဝင် ထိုင်းလေတပ်၏ တိုက်လေယာဉ်များအား ဖြန့်ကြက်ချထားခဲ့ကြောင်း ဂျက်ကရစ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းလေတပ်၏ Gripens တိုက်လေယာဉ်များသည် နယ်စပ်ဒေသအနီးရှိ ဒုံးကျည်များနှင့် ဒရုန်းများ သိုလှောင်ထားသည်ဆိုသည့် ကမ္ဘောဒီးယား၏ ကာစီနိုရုံတစ်ခုကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
Source: The Nation
