CNI International News

ကိယက်ဗ်၊ ဒီဇင်ဘာ ၁၃

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy)သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth)၊ အိမ်ဖြူတော် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့နှင့် ဗွီဒီယိုဆက်သွယ်မှုဖြင့် တွေ့ဆုံခဲ့ရာတွင် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အမေရိကန်သည် အသစ်ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြခဲ့သည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သော်လည်း ထိုအစီအစဉ်၏ အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။

သို့သော် အချက် ၂၀ ပါ ထိုအစီအစဉ်အတွင်း ယူကရိန်းနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် အစီအစဉ်များ အပါအဝင် လုံခြုံရေး အာမခံချက်များ ပါဝင်သည်ဟု ဇာလန်းစကီးက ဆိုသည်။

ဆွေးနွေးမှုများအတွင်း အချေအတင် ငြင်းခုံရသည့် အဓိကအချက်မှာ ယူကရိန်း၏ အရှေ့ပိုင်း ဒွန်းနက် (Donetsk) ဒေသ၏ အခြေအနေနှင့် ဇာပိုရီရှား (Zaporizhzhia) နျူကလီးယားစက်ရုံ ထိန်းချုပ်ခွင့်တို့ ဖြစ်သည်ဟု ဇာလန်းစကီးက ပြောသည်။

စစ်ပွဲအတွင်းက ယူကရိန်းနိုင်ငံ၏ သင်္ကေတကို တွေ့ရစဉ်

အမေရိကန်က ယူကရိန်း၏ ဒွန်းနက်ဒေသတွင် ရှိနေသည့် ရုရှားတပ်ဖွဲ့များကို မရုပ်သိမ်းခိုင်းဘဲ၊ ယူကရိန်း တပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်းစေချင်နေကြောင်း၊ ထိုဒေသတွင် စစ်တပ်နှစ်တပ်ကြား စစ်မဲ့ဇုန်တစ်ခု ဖန်တီးရန် ဆန္ဒရှိနေကြောင်း ၎င်းကဆိုသည်။

"သူတို့က ယူကရိန်းတပ်ဖွဲ့တွေကို ဒွန်းနက်ဒေသရဲ့ နယ်နိမိတ်ကနေ ထွက်ခွာစေချင်နေပါတယ်။ နောက်ထပ် အပေးအယူ တစ်ခုကတော့ ရုရှားတပ်ဖွဲ့တွေကလည်း အဲဒီနယ်နိမိတ်ထဲကို မဝင်ဘူးလို့ ပြောပါတယ်။ အဲဒီ နေရာကို သူတို့က လွတ်လပ်တဲ့ စီးပွားရေးဇုန်ဆိုပြီး သုံးနှုန်းပြောဆိုခဲ့ပါတယ်" ဟု ဇာလန်းစကီးက သတင်း ထောက်များကို ပြောကြားခဲ့သည်။

ယူကရိန်းနယ်မြေပေါ်တွင် ဖြစ်လာနိုင်ခြေရှိသည့် မည်သည့် အပေးအယူမျိုးကိုမဆို ဒေသခံများ၏ မဲဆန္ဒဖြင့် ဆုံးဖြတ်သင့်သည်ဟုလည်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

"ယူကရိန်းပြည်သူတွေက ဒီမေးခွန်းကို ဖြေချင်ကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ရွေးကောက်ပွဲပဲဖြစ်ဖြစ်၊ ဆန္ဒခံယူပွဲပဲဖြစ်ဖြစ် ယူကရိန်းပြည်သူတွေရဲ့ သဘောထားအတိုင်း ဖြစ်ရပါမယ်" ဟု ၎င်းက ဆိုသည်။

Source: DW