CNI International News

ကိယက်ဗ်၊ နိုဝင်ဘာ ၂၂

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) သည် ယူကရိန်းနိုင်ငံ ကိယက်ဗ် (Kyiv) မြို့တော်သို့ ကြိုတင်ကြေညာခြင်းမရှိဘဲ သွားရောက်ခဲ့သည်။

ထို့နောက် ယူကရိန်းအတွက် ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိ စစ်ရေးအကူအညီများ ပေးမည်ဟု ပြောကြားခဲ့ ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အော်စတင်သည် နိုဝင်ဘာ ၂၁ ရက်က ယူကရိန်းသမ္မတ ဇာလန်စကီး၊ ကာကွယ်ရေးဝန်ကြီး ရုစ်တမ် အူမာရော့ဗ် (Rustem Umerov) ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလူဇညီ (Valerii Zaluzhnyi) နှင့် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုများအတွင်း အမေရိကန်က ယူကရိန်းအား ဆက်လက်ပြီး ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း အော်စတင်က ကတိပြုခဲ့သည်။

"ဒီနေ့ သင့်ဆီကို ယူဆောင်လာတဲ့ သတင်းစကားကတော့ အမေရိကန်ဟာ သင်နဲ့အတူ ရှိနေတယ်ဆိုတဲ့ သတင်းစကား ဖြစ်ပါတယ်။ ကျနော်တို့ဟာ သင်နဲ့အတူ အချိန်အကြာကြီး ဆက်ရှိနေမှာပါ" ဟု  အော်စတင်က ဇယ်လန်စကီးကို ပြောကြားခဲ့သည်။

လွိုက်အော်စတင်နဲ့ ဇာလန်းစကီးကို တွေ့ရစဉ်

ရုရှားတပ်ဖွဲ့များကို အနိုင်တိုက်ခိုက်ရန် ယူကရိန်း၏ အားထုတ်ကြိုးပမ်းမှုသည် တစ်ကမ္ဘာလုံးအတွက် အရေးကြီး သည့်ကိစ္စဖြစ်ပြီး အမေရိကန်သည် ယူကရိန်းကို ရေရှည် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဟုလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ထို့ပြင် ရုရှား၏ တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း အော်စတင်က ယူကရိန်း ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီသစ်တွင် တင့်ကားဖျက်လက်နက်များ၊ လေကြောင်း ကာကွယ်ရေး စနစ်များနှင့် HIMARS လက်နက်ကြီးစနစ်များလည်း ပါဝင်ခဲ့သည်။

ဇာလန်းစကီးကလည်း အော်စတင်၏ ခရီးစဉ်သည် ယူကရိန်းအတွက် အလွန်အရေးကြီးသည့် အချက်ပြမှု တစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

"သင်တို့ရဲ့ ကူညီထောက်ပံ့မှုကို ကျနော်တို့ အားကိုးပါတယ်" ဟု ဇာလန်းစကီးက ပြောသည်။ 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက် ခဲ့ချိန်ကတည်းက အမေရိကန်သည် ယူကရိန်းကို ဒေါ်လာ ၄၄ ဘီလျံ ကျော် ထောက်ပံ့ပေးခဲ့ပြီး အမေရိကန်၏ မဟာမိတ်များကလည်း ယူကရိန်းကို ဒေါ်လာ ၃၅ ဘီလျံ ထောက်ပံ့ပေးခဲ့သည်။

Source: အယ်လ်ဂျာဇီးယား