CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၆
အမေရိကန်က ယူကရိန်းအတွက် တန်ပြန်ဒရုန်းစနစ်များနှင့် ရွှေ့ပြောင်းရလွယ်ကူသည့် လက်နက်ကြီး ဒုံးပစ် စနစ်များအတွက် ခဲယမ်းများ အပါအဝင် စစ်ဘက်ဆိုင်ရာ အကူအညီ ဒေါ်လာ ၇၂၅ သန်း ပေးပို့ရန် ပြင်ဆင်နေ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုစစ်ရေး အကူအညီတွင် ပါဝင်သည့် ခဲယမ်းမီးကျောက်များသည် HIMARS ဒုံးပစ်စနစ်များ အတွက်လော သို့မဟုတ် ATACMS ဒုံးပစ် စနစ်များအတွက်လောဟူ၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ယူကရိန်းကမူ ရုရှားနိုင်ငံအတွင်း ပစ်မှတ်များကို ထပ်မံပစ်ခတ်နိုင်သည့် တာဝေးပစ် ဒုံးကျည်များကို ပိုမိုတိုးမြှင့်တောင်းဆို ထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သော အစီအစဉ်၌ မြေမြှပ်မိုင်းများလည်း ပါဝင်သည်။
ယူကရိန်းသည် ရုရှား၏ ကာ့ဒ်ဒေသတွင် ရုရှားနှင့်မြောက်ကိုရီးယား မြေပြင်တပ်များ၏ ရွေ့လျားမှုကို ပိုမိုနှေးကွေး စေရန်အတွက် မြေမြှပ်မိုင်း အများအပြား လိုအပ်လျက်ရှိသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)က ၎င်း၏ သမ္မတသက်တမ်း ကုန်ဆုံးမည့် ဇန်နဝါရီ ၂၀ ရက်မတိုင်မီ ယူကရိန်းအတွက် လွှတ်တော်က အတည်ပြုထားသော စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေအားလုံးကို အသုံးပြုသွားမည်ဟု ကတိပြုထားသည်။
လက်နက်ခဲယမ်းများကို တွေ့ရစဉ်
ထိုအစီအစဉ်တွင် ဒီဇင်ဘာ ၂ ရက် ကြေညာချက်မတိုင်မီ ထုတ်ပြန်ထားသည့် ပင်တဂွန်၏ သိုလှောင်မှုများမှ ရရှိမည့် ဒေါ်လာ ၇ ဒသမ ၁ ဘီလျံ တန်ကြေးရှိ လက်နက်များလည်း ပါဝင်သည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒေါ်နယ်ထရမ့် (Donald Trump)ကမူ ပဋိပက္ခကို အဆုံးသတ်သွားမည်ဟု ကတိပြုထားသောကြောင့် ၎င်းလက်ထက်တွင် ယူကရိန်းအတွက် မည်သို့ ဖြစ်လာမည်ဆိုသည်ကို မေးခွန်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။
အဓိက အပြောင်းအလဲတွင် ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskyy)က နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းကို အဖွဲ့ဝင်ဖြစ်ရန် သဘောတူညီခဲ့လျှင် စစ်ပွဲ၏ ပြင်းထန်နေသော တိုက်ပွဲအခြေအနေကို ရပ်တန့်ရန် အကူအညီ ဖြစ်စေနိုင်မည်ဟု နိုဝင်ဘာ ၂၉ ရက်က ပြောကြားခဲ့သည်။
Source: အေပီ