CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၉

အမေရိကန်သည် လက်နက်ခဲယမ်းများ၊ မိုင်းရှင်းလင်းရေး ပစ္စည်းကိရိယာများ၊ အမြောက်ဆန်များနှင့် အခြား လက်နက်များ အပါအဝင် ဒေါ်လာ သန်း ၆၀၀ တန်ကြေးရှိ စစ်ရေးအကူအညီသစ်ကို ယူကရိန်းအား ထောက်ပံ့ ပေးမည်ဟု ကြေညာခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ယူကရိန်းအတွက် ဒေါ်လာ ၁ ဘီလျံ တန်ကြေးရှိ စစ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ သစ် ပေးမည်ဟု ကတိပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၆ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) ၏ ယူကရိန်း ခရီးစဉ်အတွင်း အမေရိကန်အစိုးရသည် ယူကရိန်းအတွက် အမေရိကန်လုပ် M1 Abrams တင့်ကားများအတွက် ယူရေနီယံ ခဲယမ်းများ အပါအဝင် စစ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ ၁ ဘီလျံ ကူညီပေးမည်ဟု ကြေညာခဲ့သည်။ 

အမေရိကန် ကာကွယ်ရေး၀န်ကြီး၊ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ ယူကရိန်း သမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

ယူကရိန်းအတွက် ကြေညာခဲ့သည့် ဒေါ်လာ သန်း ၆၀၀ တန်ကြေးရှိ စစ်ရေးအကူအညီသည် ယူကရိန်း၏ စစ်မြေပြင် လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ယူကရိန်းအား အမေရိကန်၏ လျော့ပါးခြင်းမရှိသည့် ထောက်ပံ့မှုကို ပြသရာရောက်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ရေးအကူအညီသည် အမေရိကန်စစ်တပ်၏ လက်နက်တိုက်မှ လက်နက်များကို တိုက်ရိုက်ပေးအပ်ခြင်း မဟုတ်ဘဲ လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် မိတ်ဖက်များထံမှ လက်နက်များအား ထောက်ပံ့ပေးမည်ဖြစ် သဖြင့် ယူကရိန်းစစ်မြေပြင်သို့ ချက်ချင်းရောက်ရှိလိမ့်မည် မဟုတ်ပေ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အစိုးရအဖွဲ့သည် ရုရှားက သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည် သိမ်းယူရန် ကြိုးပမ်းနေသည့် ယူကရိန်းတပ်ဖွဲ့များ၏ ၃ လကြာ တန်ပြန် ထိုးစစ်အတွက် ထောက်ပံ့မှု များအား ဆက်လက် လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ စစ်ရေးအကူအညီသစ် တစ်ခုကို ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း ပေးပို့မယ် လက်နက်ခဲယမ်းများကိုတွေ့ရစဉ်

အမေရိကန်၏ မဟာမိတ်အချို့ကမူ ယူကရိန်း၏ တန်ပြန်ထိုးစစ် နှေးကွေးလေးလံနေမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် မဟာမိတ်အချို့ကတော့ ယူကရိန်းသည် လေကြောင်းကာကွယ်ရေး စနစ်များဖြင့် ရုရှား၏ ဒုံးကျည်များကို ကြားဖြတ်ပစ်ချမှုတွင် အောင်မြင်မှုများရရှိနေကြောင်း ပြောကြားခဲ့ကြသည်။

နေတိုးအဖွဲ့၏ အကြီးအကဲ ယန်း စတိုတန်ဘတ်ချ် (Jens Stoltenberg) ကမူ ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် မျှော်မှန်းထားသလောက် တိုးတက်မှုမရှိသော်လည်း ယူကရိန်းတပ်ဖွဲ့များသည် နေ့စဉ်နှင့်အမျှ ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်သိမ်းယူနေသည်ဟု စက်တင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။

"ယူကရိန်းမှာ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ ဒါပေမယ့် ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှား တပ်ဖွဲ့တွေရဲ့ ခံစစ်စည်းတွေကို ချိုးဖောက် ဝင်ရောက်နိုင်စွမ်းရှိခဲ့ပါတယ်။ တစ်ချိန်တုန်းကတော့ ရုရှားစစ်တပ်ဟာ ကမ္ဘာမှာ ဒုတိယမြောက် အင်အားအကြီးဆုံး ဖြစ်ခဲ့ပါတယ်။ အခုတော့ ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံမှာပဲ ဒုတိယအင်အားအကြီးဆုံး စစ်တပ်ဖြစ်နေပါတယ်" ဟု စတိုတန်ဘတ်ချ်က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား