CNI International News

ပြုံယမ်း၊ စက်တင်ဘာ ၉

မြောက်ကိုရီးယားသည် ၎င်း၏ ပထမဆုံး နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ရေချခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်အကြား ရေပြင်များတွင် ကင်းလှည့်ရန် စစ်သင်္ဘောအုပ်စုအတွင်း တာဝန် ပေးခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့် ထိုရေငုပ်သင်္ဘော ရေချသည့် အခမ်းအနားကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) တက်ရောက်ခဲ့ပြီး ရေတပ်ကို နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များ တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများနှင့် တခြားသော စစ်သင်္ဘောများကို ပိုမိုလွှဲပြောင်းအပ်နှံ မည်ဟု ကတိပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

"ရေငုပ်သင်္ဘော ရေချတဲ့ အခမ်းအနားဟာ DPRK ရဲ့ ရေတပ်ကို အင်အားမြှင့်တင်ဖို့အတွက် ကဏ္ဍသစ်တစ်ခု စတင် ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်"ဟု KCNA က မြောက်ကိုရီးယား၏ တရားဝင် အမည်ဖြစ်သည့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (Democratic People's Republic of Korea) ၏ အတိုကောက် စကားလုံး ဖြင့် သုံးနှုန်းဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

Hero Kim Kun Ok ဟု အမည်ပေးထားသည့်် ရေငုပ်သင်္ဘော နံပါတ် ၈၄၁ သည် မြောက်ကိုရီးယားရေတပ်၏ ရေအောက် ထိုးစစ်ဆင် တိုက်ခိုက်မှုများ၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်လိမ့်မည်ဟု ကင်မ်က ပြောသည်။

မြောက်ကိုရီးယားသည် လက်ရှိရေတပ်တွင် ရှိနေသည့် ရေငုပ်သင်္ဘောများကို နျူကလီးယား လက်နက်များ တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများအဖြစ် ပြောင်းလဲတည်ဆောက် သွားမည်ဖြစ်ကြောင်း၊  နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ရေးကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ကင်မ်က ပြောသည်။

 မြောက်ကိုရီးယားရဲ့ နျူကလီးယား ရေငုပ်သင်္ဘောကို တွေ့ရစဉ်

"ရန်သူတွေရဲ့ ရန်လိုတဲ့ လှုပ်ရှားမှုတွေနဲ့ စစ်ရေး လုပ်ဆောင်ချက်တွေကြောင့် ကျနော်တို့ ရေတပ်ရဲ့ လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဦးစားပေးကိစ္စ တစ်ခုဖြစ်ပြီး နှောင့်နှေးကြန့်ကြာလို့ မရနိုင်ပါဘူး"ဟု မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို ရည်ညွှန်းသည့် သဘောဖြင့် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၁၆ ခုနှစ်က ရေငုပ်သင်္ဘောအသစ် တစ်စီးကို တည်ဆောက်နေသည့် အရိပ်လက္ခဏာ များကို ကျွမ်းကျင်သူများက ပထမဆုံးအကြိမ် သတိထားမိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကင်မ်သည် သတင်း ထုတ်ပြန်ခဲ့ခြင်းမရှိသည့် ရေငုပ်သင်္ဘောတစ်စင်းကို စစ်ဆေးလေ့လာခဲ့သည်ဟု ၂၀၁၉ ခုနှစ်က KCNA သတင်းဌာန မှ ဖော်ပြခဲ့ သည်။

ထိုအချိန်က KCNA သည် ရေငုပ်သင်္ဘော၏ လက်နက်စနစ်များနှင့် သင်္ဘော၏ တည်နေရာကို အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိသော်လည်း ကျွမ်းကျင်သူများကမူ ရေငုပ်သင်္ဘောအသစ်၏ အရွယ်အစားသည် ဒုံးကျည်များကို သယ်ဆောင်နိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခုထုတ်ဖော်ပြသခဲ့သည့် ရေငုပ်သင်္ဘောသစ်တွင် မည်သည့်ဒုံးကျည်များ တပ်ဆင်နိုင်မည်ကို ရှင်းလင်းစွာ မသိရ သေးပေ။ ယခင်က မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည် (SLBM) များနှင့် ခရုစ်ဒုံးကျည်များကို ရေငုပ်သင်္ဘောများဖြင့် စမ်းသပ်ပစ်လွှတ်ခဲ့သည်။

Source: ရိုက်တာ