CNI International News

ပြုံယမ်း၊ ဒီဇင်ဘာ ၃၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ဒီဇင်ဘာ ၂၈ ရက်က တာဝေးပစ် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သော ဒုံးကျည် ပစ်လွှတ်မှုတွင် ခရုစ်ဒုံးကျည်များသည် ကိုရီးယားကျွန်းဆွယ် အနောက်ဘက် ပင်လယ်ပြင်ထက်၌ သတ်မှတ်ထားသော ပတ်လမ်းအတိုင်း ပျံသန်းကာ ပစ်မှတ်ကို ထိမှန်ခဲ့သည့် အတွက် ကင်မ်က အလွန်အမင်း ကျေနပ်အားရမှုရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

“နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရချိန်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းရည်တွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ အလျင်အမြန် တုန့်ပြန်နိုင်စွမ်းကို ပုံမှန် စစ်ဆေးနေတာဟာ တာဝန်ယူမှုရှိတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်”ဟု ကင်မ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

ထို့ပြင် မြောက်ကိုရီးယား အနေဖြင့် ၎င်း၏ နျူကလီးယား အင်အားကို အကန့်အသတ်မရှိ ဆက်လက် မြှင့်တင် သွားမည်ဟုလည်း ကတိပြုခဲ့သည်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၂၈ ရက် နံနက် ၈ နာရီခန့်တွင် ပြုံယမ်းမြို့အနီးရှိ ဆူနန် (Sunan) ဒေသမှ ခရုစ်ဒုံးကျည်များ ပစ်ခတ်မှုကို ထောက်လှမ်း သိရှိခဲ့ရကြောင်း ဖော်ပြခဲ့ သည်။ 

ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယား၏ စစ်ရေး လှုပ်ရှားမှုများသည် ကိုရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် လုပ်ရပ်များဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဝေဖန်ခဲ့သည်။

ကင်မ်က ၎င်း၏သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) နှင့်အတူ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မှုကို ကြည့်ရှုစစ်ဆေးခြင်းနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ စမ်းသပ်မှုအား ကြီးကြပ်ခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ခရုဇ်ဒုံးကျည်များ ပစ်လွှတ်မှုကို တက်ရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

 ဒုံးကျည်ပစ်လွှတ်တာကို ကင်မ်ဂျုံအန် ကြည့်နေစဉ်

မြောက်ကိုရီးယားသည် နှစ်သစ်ကူး ကာလတွင် နောက်ထပ် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ယွန်ဟပ် (Yonhap) သတင်းဌာနက ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်က မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှုသည် သမားရိုးကျ ဒုံးကျည်ထိပ်ဖူးနှင့် နျူကလီးယား ထိပ်ဖူးကိုပါ တပ်ဆင်နိုင်သော ခရုစ်ဒုံးကျည်များ၏ အဆင့်မြှင့်တင်မှု အခြေအနေကို စမ်းသပ်ခြင်း ဖြစ်နိုင်ကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားအမျိုးသားပြန်လည်ပေါင်းစည်းရေး အင်စတီကျု (Korea Institute for National Unification) မှ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ဟောင်မင် (Hong Min)  ပြောကြားခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်သည် ဒီဇင်ဘာ ၂၈ ရက်က စက္ကူစက်ရုံတစ်ခု၏ ဖွင့်ပွဲ အခမ်းအနား သို့လည်း တက်ရောက်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

Source: ရိုက်တာ