CNI International News

ဆိုးလ်၊ သြဂုတ် ၂

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် (Donald Trump) သည် သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခံ ရမည်ဆိုပါက မြောက်ကိုရီးယားသည် အမေရိကန်နှင့် နျူကလီးယား ဆွေးနွေးပွဲများကို ပြန်လည် စတင်လိမ့်မည်ဖြစ်ကြောင်း မကြာသေးမီက တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့သည့် မြောက်ကိုရီးယား သံတမန်တစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လက မြောက်ကိုရီးယားသံတမန် ရီအီဂျူ ( Ri Il Gyu) သည် ကျူးဘားမှ တောင်ကိုရီးယားသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။

သူသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့သည့် ရာထူးအမြင့်ဆုံး မြောက်ကိုရီးယား သံတမန် ဖြစ်လာခဲ့သည်။

ထို့နောက် နိုင်ငံတကာမီဒီယာများနှင့် ပထမဆုံးအကြိမ် အင်တာဗျူး ပြုလုပ်ချိန်တွင် ရီက မြောက်ကိုရီးယားသည် ယခုနှစ်နှင့် လာမည့်နှစ်များအတွက် ၎င်း၏နိုင်ငံခြားရေးမူဝါဒတွင် ရုရှား၊ ဂျပန်နှင့် အမေရိကန်တို့ကို ဦးစားပေး ကိစ္စများအဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားဘက် ခိုလှုံသွားတဲ့ မြောက်ကိုရီးယားသံတမန် ရီအီဂျူကို တွေ့ရစဉ်

မြောက်ကိုရီးယားသည် ရုရှားနှင့် ဆက်ဆံရေးများကို မြှင့်တင်နေသကဲ့သို့ တစ်ဖက်တွင်လည်း ထရမ့် အနိုင်ရခဲ့မည် ဆိုပါက နျူကလီးယား ဆွေးနွေးပွဲများကို ပြန်လည်ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ လက်နက်စီမံကိန်းများကြောင့် ချမှတ်ခံထားရသည့် ပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းစေရန်အတွက် နျူကလီးယားဆွေးနွေးပွဲများ ပြုလုပ်မည့် မဟာဗျူဟာကို အကောင်အထည်ဖော်နေ ကြောင်း ရီက ပြောသည်။

ရီ၏ မှတ်ချက်စကားများအရ အမေရိကန်နှင့် ဆွေးနွေးပွဲ အလားအလာကို ငြင်းဆိုထားပြီး ထိပ်တိုက်တွေ့မည့် အခြေအနေကို သတိပေးထားသည့် မြောက်ကိုရီယား၏ လက်ရှိသဘောထားသည် ထရမ့် အနိုင်ရလာခဲ့မည်ဆို ပါက ပြောင်းလဲလာဖွယ်ရှိနေသည်။

ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် ထရမ့်တို့သည် ၂၀၁၉ ခုနှစ်က ဗီယက်နမ်တွင် နောက်ဆုံးအကြိမ် နျူကလီးယားဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း ကင်မ်သည် အတွေ့အကြုံ မရှိသည့် ၎င်း၏ တပ်မှူးများကိုသာ ယုံကြည်ခဲ့သဖြင့် မည်သည့်အောင်မြင်မှုမျှ မရခဲ့ကြောင်း ရီက ပြောကြားခဲ့သည်။

"ကင်မ်ဂျုံအန်ဟာ နိုင်ငံတကာဆက်ဆံရေးနဲ့ သံခင်းတမန်ခင်းအကြောင်းကို သိပ်မသိပါဘူး။ ဗဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ကို ဘယ်လိုချရမလဲဆိုတာလည်း မသိပါဘူး" ဟု ရီက ပြောသည်။

ယခုအခါတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် လုပ်ပိုင်ခွင့် ပိုမိုရရှိထားပြီး ထရမ့် အနေဖြင့် မြောက်ကိုရီးယား၏ တောင်းဆိုချက်များကို မလိုက်လျောပါက ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် လွယ်ကူ လိမ့်မည် မဟုတ်ကြောင်းလည်း ရီက ပြောကြားခဲ့သည်။

Source: ရိုက်တာ