CNI International News

ကိယက်ဗ်၊ သြဂုတ် ၂

ယူကရိန်းနိုင်ငံက ကာလကြာရှည် စောင့်ဆိုင်းနေရသည့် F-16 တိုက်လေယာဉ်များ၏ ပထမအသုတ်သည် ယူကရိန်းသို့ ရောက်ရှိပြီဖြစ်ကြောင်း လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ယူကရိန်းသည်  Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့်  F-16 တိုက်လေယာဉ်များကို ရရှိရန် စိတ်အားထက်သန်နေသည်။

ထိုတိုက်လေယာဉ်များတွင် ၂၀ မမ သေနတ် တပ်ဆင်နိုင်ပြီး ဗုံးများ၊ ရော့ကတ်များနှင့် ဒုံးကျည်များကို တင်ဆောင်အသုံးပြုနိုင်သည်။

“ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ရောက်ပါပြီ။ ဒါဟာ မဖြစ်နိုင်တဲ့ အရာတစ်ခုကို ဖြစ်နိုင်အောင်လုပ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်” ဟု လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဂေဘရီယယ်လပ်စ် လန်းစ်ဘာဂျစ် (Gabrielius Landsbergis) က X လူမှုမီဒီယာတွင် ဇူလိုင် ၃၁ ရက်က ရေးသားခဲ့သည်။

အမည်မဖော်လိုသည့် အမေရိကန်အရာရှိ တစ်ဦးကလည်း ယူကရိန်းထံ  F-16 တိုက်လေယာဉ်များ လွှဲပြောင်း ပေးပို့မှုကို အပြီးသတ် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ယူကရိန်းအစိုးရကမူ  F-16 တိုက်လေယာဉ် များ လက်ခံရရှိကြောင်း အတည်ပြုခဲ့ခြင်းမရှိပေ။

ယူကရိန်းသည်  F-16 တိုက်လေယာဉ်များ ရရှိရေးအတွက် အနောက်မဟာမိတ်နိုင်ငံများကို တွန်းအားပေးခဲ့သည်။

F-16 တိုက်လေယာဉ်များကိုတွေ့ရစဉ်

ထိုတိုက်လေယာဉ်များသည် ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက် နိုင်ရေးအတွက် အလွန်အရေး ကြီးကြောင်း ပြောကြားခဲ့သည်။

အနောက်နိုင်ငံများကမူ ယူကရိန်းအား ခေတ်မီလက်နက်များ ထောက်ပံ့ပေးရန် တွန့်ဆုတ်ခဲ့သည်။

ယူကရိန်းသည် ထိုလက်နက်များကို အသုံးပြုမည်ဆိုပါက ရုရှားနှင့် ဖြစ်ပွားနေသည့်စစ်ပွဲ ပိုမိုအရှိန်မြင့်လာမည်ကို စိုးရိမ်လျက်ရှိသည်။

အမေရိကန်သည် ယူကရိန်းလေယာဉ်မှူးများကိုလည်း တိုက်လေယာဉ် မောင်းနည်းများ လေ့ကျင့်သင်ကြားပေး ခဲ့သည်။

အမေရိကန်တွင် တိုက်လေယာဉ် မောင်းသည့်ပညာများ သင်ယူခဲ့သည့် ပထမဆုံး ယူကရိန်းလေယာဉ်မှူး အဖွဲ့သည် လက်ရှိတွင် စစ်မြေပြင်၌ တာဝန်ထမ်းဆောင်လျက်ရှိသည်။

ထို့ပြင် နေတိုးအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် နော်ဝေနိုင်ငံများသည်လည်း ယူကရိန်းကို လေယာဉ်အစင်း ၆၀ ကျော် ထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။

Source: အယ်လ်ဂျာဇီးယား