CNI International News

ကိယတ်ဗ်၊ မေလ ၁၉

ကြာသပတေးနေ့ အစောပိုင်းက ယူကရိန်းနိုင်ငံဒေသများသို့ ရုရှားဘက်မှ ခရုစ်ဒုံးကျည် အလုံး ၃၀ ဖြင့် ပစ်ခဲ့ရာမှာ ဒုံးကျည် ၂၉ လုံးကို ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးက ပစ်ချနိုင်ခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထား သည်။

အိုဒီဆာ (Odesa) တောင်ပိုင်းဒေရှိ အဆောက်အဦတစ်ခုကို ရုရှားဒုံးကျည် ထိမှန်ခဲ့ခြင်းကြောင့် လူတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသဆိုင်ရာ စစ်ဘက်အုပ်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဆာဟီဘရတ် ချောက်ခ် (Serhiy Bratchuk) က ပြောသည်။

ယူကရိန်းအပေါ် ရုရှား၏ လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာချိန်တွင် အထူးကိုယ်စားလှယ် အဖွဲ့ သည် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) နှင့် တွေ့ဆုံခဲ့သည်ဟု တရုတ်က ပြောသည်။

သို့သော် လက်ရှိအချိန်အထိ တရုတ်၏ ငြိမ်းချမ်းရေး အဆိုပြုချက်များသည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သည့် တိုးတက်မှု တစ်စုံတစ်ရာ ဖော်ဆောင်ပေးနိုင်စွမ်း ရှိသေးသည့်ပုံ မရပေ။

 ရုရှားဒုံးကျည်ကြောင့် လူတစ်ဦးသေဆုံး

တိုးတက်မှုများကို ဖော်ဆောင်ရန်အတွက် စစ်ဖြစ်နေသော အဖွဲ့အစည်းများ အနေဖြင့် အပြန်အလှန် လေးစားမှုကို မြှင့်တင်ရန် လိုအပ်သည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin)က ပြော သည်။

တရုတ်ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံစဉ် ယူကရိန်း အာဏာပိုင်များသည် ယူကရိန်း အစိုးရ၏ ကိုယ်ပိုင် ငြိမ်းချမ်းရေး အစီအစဉ်အား တရုတ်၏ ထောက်ခံမှုရရှိရန် ကြိုးပမ်းခဲ့သည်ဟု ယူကရိန်းသမ္မတရုံးက ထုတ်ပြန် သည်။

ဇာလန်းစကီးဘက်မှ အဆိုပြုထားသော ငြိမ်းချမ်းရေး အဆိုပြုချက်တွင် ယူကရိန်း၏ အချုပ်အခြာ ပိုင်နက်ကို ပြန်လည် ထိန်းသိမ်းရန်၊ ရုရှားတပ်များ လုံးဝထွက်ခွာသွားရန်နှင့် ကျူးကျော်စစ်ပွဲအတွက် ရုရှားသမ္မတ ပူတင် (Putin) အား အရေးယူရန်တို့ ပါဝင်သည်။

တစ်ဖက်တွင်လည်း G-7 အဖွဲ့ခေါင်းဆောင်များသည် ကြာသပတေးနေ့တွင် ဂျပန်၌ တွေ့ဆုံမည်ဖြစ်ပြီး ရုရှား၏ ကျူးကျော်စစ်ကို ရှုတ်ချကာ ယူကရိန်းတပ်ဖွဲ့များကို ကူညီရေး ကတိပြုသွားမည်ဟု ယူဆရသည်။
အစည်းအဝေးတွင် ခေါင်းဆောင်များသည် ယူကရိန်းစစ်မြေပြင်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို လုပ်ဆောင် သွားမည်ဟုလည်း အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးအကြံပေးက ပြောသည်။

 ရုရှားက ယူကရိန်းကို ပစ်ခတ်နေစဉ်

ရုရှားသည် ကျယ်ပြန့်သော မိုင်းကွင်းများ အပါအဝင် ယူကရိန်းမြေပေါ်တွင် ခံတပ်အင်အား အခိုင်အမာ ဖော် ဆောင်ရန် ကြိုးပမ်းနေကြောင်း၊ ကီလိုမီတာ ၁၀၀၀ ခန့်ရှိသော ရှေ့တန်း စစ်မျက်နှာအတွင်း တပ်သားအင်အား ၂၀၀,၀၀၀ ကျော်ကို ပိုင်ဆိုင်ထားကြောင်း အနောက်အုပ်စုအရာရှိများ ကပြောသည်။

ယူကရိန်းသည် အနောက်အုပ်စု မဟာမိတ်များထံမှ ခေတ်မီ စစ်လက်နက်များကို ရရှိထားသောကြောင့် ရုရှား တပ်များအနေဖြင့် ယခင်က လုံခြုံသည်ဟု သတ်မှတ်ထားသည့် နယ်မြေများတွင်ပင် စစ်လေယာဉ်များ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်း တပ်ဖွဲ့ဝင်များသည် ရုရှားတို့၏ ခေတ်အမှီဆုံး လက်နက်တစ်ခုဖြစ်သော အသံထက် မြန်သည့် ပဲ့ထိန်းဒုံး ကျည်များကိုပင် ပစ်ချနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်ဟု အနောက်အုပ်စု အရာရှိများက ပြောသည်။

Source: AP