CNI International News

စတော့ဟုမ်း၊ ဧပြီ ၂၉

၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၏ စစ်အသုံးစရိတ်သည် ဒေါ်လာ ၂ ဒသမ ၇၂ ထရီလျံရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ထိုပမာဏသည် ၂၀၂၃ ခုနှစ်ကထက် ၉ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ စစ်အေးကာလနောက်ပိုင်း နှစ်အလိုက် စစ်အသုံးစရိတ် အမြင့်ဆုံးနှုန်းအဖြစ် စံချိန်တင်ခဲ့သည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPRI) ၏ အချက်အလက်များအရ ပထဝီ နိုင်ငံရေး တင်းမာမှုများကြောင့် ကမ္ဘာ့ဒေသအားလုံး၊ အထူးသဖြင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် စစ်အသုံးစရိတ်များ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

“၂၀၂၄ ခုနှစ်ထဲမှာ နိုင်ငံပေါင်း ၁၀၀ ကျော်ဟာ သူတို့ရဲ့ စစ်အသုံးစရိတ်ကို တိုးမြှင့်ခဲ့ပါတယ်။ အစိုးရတွေဟာလည်း စစ်ဘက်ဆိုင်ရာ လုံခြုံရေးကို ဦးစားပေးလာကြပြီး စီးပွားရေး၊ လူမှုဆက်ဆံရေးတွေကို အထိခိုက်ခံပြီးတော့ စစ်ရေးကို မြှင့်တင်ခဲ့ပါတယ်” ဟု SIPRI က ထုတ်ပြန်ခဲ့သည်။

 လက်နက်အရောင်းပြပွဲကို တွေ့ရစဉ်

ယူကရိန်းစစ်ပွဲနှင့် နေတိုးမဟာမိတ်အဖွဲ့အပေါ် အမေရိကန်၏ လုံခြုံရေးကတိကဝတ်များ လျော့ပါးလာနိုင်ခြေ ရှိသည့် သံသယများကြောင့် ရုရှား အပါအဝင် ဥရောပတွင် စစ်အသုံးစရိတ် ၁၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စစ်အေးကာလနောက်ပိုင်း စံချိန်တင်အဆင့်အထိ ရောက်ရှိခဲ့သည်။

ရုရှား၏ စစ်ရေးအသုံးစရိတ်သည် ၂၀၂၄  ခုနှစ်တွင် ခန့်မှန်းခြေ ဒေါ်လာ ၁၄၉ ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က စစ်အသုံးစရိတ်ထက် ၃၈ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့ကာ ၂၀၁၅ ခုနှစ်ထက် ၂ ဆခန့် ပိုမိုများပြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ရုရှား၏ စစ်အသုံးစရိတ်သည် နိုင်ငံ့ဂျီဒီပီ၏ ၇ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အစိုးရအဖွဲ့ အသုံးစရိတ် စုစုပေါင်း၏ ၁၉ ရာခိုင်နှုန်းဖြစ်သည်။

၂၀၂၄ ခုနှစ်က ယူကရိန်း၏ စုစုပေါင်း စစ်အသုံးစရိတ်သည် ၂ ဒသမ ၉ ရာခိုင်နှုန်း များပြားလာပြီး ဒေါ်လာ ၆၄ ဒသမ ၇ ဘီလီယံအထိရှိခဲ့ကာ နိုင်ငံ့ဂျီဒီပီ၏ ၃၄ ရာခိုင်နှုန်း ရှိခဲ့သည်။

ယူကရိန်းသည် လက်ရှိတွင် ၎င်း၏ အခွန်မှ ရရှိသည့် ငွေကြေးအားလုံးကို စစ်အသုံးစရိတ်အတွက် လျာထားပေး နေပြီး ယခုကဲ့သို့ ဘဏ္ဍာရေးအရ ကျပ်တည်းသည့် အခြေအနေမျိုးတွင် ယူကရိန်းအတွက် စစ်အသုံးစရိတ်ကို ဆက်လက်တိုးမြှင့်ရန် ခက်ခဲလိမ့်မည်ဟု SIPRI က ထုတ်ပြန်ခဲ့သည်။

၂၀၂၄  ခုနှစ်အတွင်း အမေရိကန်၏ စစ်အသုံးစရိတ်သည် ၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ဒေါ်လာ ၉၉၇ ဘီလျံရှိခဲ့ပြီး အမေရိကန်၏ စစ်အသုံးစရိတ်သည် နေတိုးတစ်ဖွဲ့လုံး၏ စုစုပေါင်း စစ်အသုံးစရိတ်၏ ၆၆ ရာခိုင်နှုန်း ရှိခဲ့ပြီး တစ်ကမ္ဘာလုံး စစ်အသုံးစရိတ်၏ ၃၇ ရာခိုင်နှုန်းရှိခဲ့သည်။

Source: ရိုက်တာ