CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်များအတွက် သီးခြားလွတ်လပ်သော ကိုယ်ပိုင်ပြည်နယ် ဖြစ်ပေါ် လာရေး ‌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက်အခံ အင်အားကြီးပါတီ ဂျာမားတီး အီစ် အစ္စစ်ဆလမ်မစ်(Jamaat-e-Islami) ပါတီက တောင်းဆိုမှုသည် အနောက်နိုင်ငံ၏ စေခိုင်းမှုဖြစ်နိုင်ကြောင်း ရခိုင်နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ(CPC)မှ ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများမှ ဖော်ပြခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် မွတ်ဆလင် ဒုက္ခသည် အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကာ ရခိုင်ပြည်နယ်အတွင်း သီးခြားလွတ်လပ်သည့် ကိုယ်ပိုင်ပြည်နယ်တစ်ခုကို မွတ်ဆလင် ဒုက္ခသည်တွေအတွက် ထူထောင်ပေးရန် ပါဝင်ကြောင်း သိရသည်။

ထိုသို့ ပြောဆိုမှုသည် နိုင်ငံရေးစကား တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျော်လွန် ကာ ပြောဆိုလာခြင်း ဖြစ်သည့်အတွက် လက်ခံ၍မရကြောင်း၊ မြန်မာနိုင်ငံ၏ နယ်နိမိတ် သတ်မှတ်မှုများသည် အခြေခံဥပဒေအတိုင်းသာ သွားရမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

 တရုတ်  CCP ပါတီမှ ကိုယ်စားလှယ်များနဲ့ Jamaat-e-Islami ပါတီမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်

၎င်းက “သာမန်အားဖြင့် ကြည့်ရင်တော့ နိုင်ငံရေးအရကြည့်ရင်တော့ ဒါနိုင်ငံရေးစကားတစ်ခု ပြောလိုက်တာပေါ့။ ဒါက ဘင်္ဂလားဒေ့ရှ်ဘက်က နိုင်ငံရေးလုပ်ငန်း လုပ်တယ်ဆိုပေမယ့် တကယ်တမ်းက ဒီဥစ္စာက ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျော်ပြီးတော့ အလုပ်လာလုပ်သလို ဖြစ်နေတယ်။ ဒါကတော့ လက်ခံလို့မရဘူး။ နိုင်ငံရေးအရ သူတို့ပြောတာကတော့ တစ်ကဏ္ဍပဲ တစ်ပိုင်းပဲ။ သို့သော် ဒါသည် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို သူတို့ဝင်ပြီးတော့ ဒါမျိုးစွက်ဖက်ဖို့၊ ပြုပြင်ဖို့၊ ပြောင်းလဲဖို့၊ ဆိုလိုတာကတော့ မြန်မာနိုင်ငံရဲ့ နယ်နိမိတ် အပိုင်းအခြားနဲ့ ဘယ်လိုသတ်မှတ်ရမယ်၊ ဘယ်လိုခွဲဝေရမယ်ဆိုတာ ကျနော်တို့ အခြေခံဥပဒေ အတိုင်း ပဲ သွားရမှာဖြစ်တယ်။ ဒါကတော့ သူတို့နိုင်ငံရေးစကားအရ ဘာကိုလိုချင်လို့ ဒီမှာထုတ်ပြောလိုက်လည်းတော့ ကျနော်တို့ မှန်းလို့မရဘူး။ ပုံစံကြည့်ရတာတော့ အထူးသဖြင့် ယူနွတ် တက်လာပြီး အနောက်နဲ့ သိပ်ယိမ်းတဲ့ အချိန်မှာလည်း အနောက်ပုံစံအရ၊ အနောက်အလိုကျ ပြောတဲ့စကားရပ်မျိုး ထုတ်ပြောတယ်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် အဓိကအရေးကြီးတာက အဲဒီနေရာမှာ သွားတွေ့တဲ့ တရုတ်အဖွဲ့က ဘယ်လို reply ပြန်ခဲ့လဲ။ သူတို့ ဘယ်လို ဆက်အလုပ်လုပ်မလဲပေါ့ ဒါကတော့ စောင့်ကြည့်ဖို့ လိုအပ်တယ်။ သေချာတကတော့ ကျနော်တို့သည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ နယ်မြေဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်တို့၊ သတ်မှတ်တာ တို့ ဘာညာ အကုန်လုံးသည် အခြေခံဥပဒေအတိုင်းပဲ သွားရမှာဖြစ်တဲ့အတွက် ဒါကတော့ နိုင်ငံ့အတွက် ဘယ်လိုမှ လက်ခံလို့မရတဲ့ ကိစ္စဖြစ်တယ်” ဟု ပြောသည်။

ဂျာမားတီး အီစ် အစ္စစ်ဆလမ်မစ်ပါတီမှ အကြီးအကဲ တစ်ဦးဖြစ်သည့် မိုဟာမက် တာဟေရ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အခင်းအကျင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှာ ရှိနေသည်ဟု ပြောကြားခဲ့သည်။

ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မွတ်ဆလင်ဒုက္ခသည် (၁)သန်းကျော်ကို လက်ခံထားရကြောင်း၊ ၎င်းတို့ အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ ကူညီပေးရုံဖြင့် မွတ်ဆလင်ဒုက္ခသည်အရေး ပြေလည်နိုင်စရာ မရှိ ကြောင်း၊ ကိုယ်ပိုင်နယ်မြေအဖြစ် ရခိုင်ပြည်နယ်အတွင်း သတ်မှတ်ပေးကာ ပြန်လည်နေရာ ချထားပေးခြင်းသည် အဖြေမှန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု Business Standard က ဖော်ပြခဲ့သည်။

ရခိုင်မြောက်ပိုင်းဒေသ၌ မွတ်ဆလင် ဒုက္ခသည်များအတွက် သီးခြားနယ်မြေ ထူထောင်ရန်ကို ယခုမှ တောင်းဆို လာခြင်းမဟုတ်ဘဲ ဗြိတိသျှကိုလိုနီ လက်အောက်မှာကတည်းက မောင်တောခရိုင်ကိုရရှိရေး မွတ်ဆလင်များ တစ်စိုက်မတ်မတ် ကြိုးစားလာခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ တောင်းဆိုမှုအပေါ်တွင်လည်း ရခိုင်တိုင်းရင်းသားများသာမက မြန်မာနိုင်ငံတစ်ခုလုံးရှိ ပြည်သူလူထု အနေဖြင့် လက်ခံမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဦးထွန်းအောင်ကျော်က “၁၉၄၂ ခုနှစ်မှာ ပိုပြီး ဆိုးရွားတယ်။ အင်္ဂလိပ်တွေ အိန္ဒိယကို ထွက်ပြေးတဲ့အခါ သူတို့ရဲ့ နောက်ကျောလုံဖို့အတွက် ရခိုင်ပြည်ရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့အတွက် ဘူးသီးတောင်ခရိုင်၊ မောင်တောခရိုင်မှာရှိတဲ့ ဘင်္ဂါလီတွေကို အဲဒီ ဒုတိယကမ္ဘာစစ်မှာ အကောင်းဆုံး လက်နက်တွေ ပေးခဲ့တယ်။ အဲဒီမှာပဲ မောင်တောခရိုင်မှာ လူဦးရေ ၃ သောင်းကျော် ဘင်္ဂါလီလက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုနဲ့ ရခိုင်တိုင်းရင်းသား လူဦးရေ ၃ သောင်း ကျော်နဲ့ ကျေးရွာပေါင်း ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အသတ်ခံရတဲ့ သမိုင်းက အထင်အရှားရှိနေပါတယ်။ အဲဒီ ကတည်းက သီးခြား ဘင်္ဂါလီနယ်မြေထူထောင်ဖို့ ကြိုးစားလာကြတာ။ အခုထိလည်း သမိုင်းအမျိုးမျိုးကို အဖြစ်မှန် နဲ့ ကင်းကွာပြီးတော့မှ ပြောဆိုမှုကို မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပေးကိုပေးရမယ်ဆိုတဲ့ တောင်းဆိုချက်တွေနဲ့ လုပ်ချလာတာတော့ အဲဒါက မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေက မြန်မာနိုင်ငံမှာ သူတို့ပြောနေတဲ့ so called  ရိုဟင်ဂျာဆိုတဲ့ နာမည်ဟာ မြန်မာ့သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဘူးဆိုတာ မြန်မာ တစ်ပြည်လုံးက ပြည်သူတွေ အားလုံးပြတ်ပြတ်သားသား၊ မြန်မာနိုင်ငံမှာ တာဝန်ရှိတဲ့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေ ကရော၊ လွှတ်တော် အဆင့်ဆင့်ကရော၊ တိုင်းရင်းသားလူမျိုး အားလုံးကရော တစ်ပြိုင်နက်တည်း ငြင်းပယ် ပယ်ချ ထားပြီးဖြစ်ပါတယ်။ အဲဒါကြောင့် သီးခြားနယ်မြေ ထူထောင်နိုင်ဖို့ အတွက်ကတော့ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်များ နေထိုင်တဲ့ ဒေသကို ပြသထားစဉ်

ပြီးခဲ့သည့် မတ်လက ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်က ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး တိမ်းရှောင် ရောက်ရှိနေသည့် မွတ်ဆလင် ဒုက္ခသည်များအား ၂၀၂၆ ခုနှစ်တွင် နေရပ်ဖြစ်သည့် ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဟု ကတိပြု ပြောကြားထားခြင်းရှိသည်။

ထို့ပြင် ၎င်းက မွတ်ဆလင်ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးနှင့် နေထိုင်ရေးများအတွက် ရခိုင်ပြည်နယ်အတွင်း ဘေးကင်းဇုန်တစ်ခု ရှိရမည်ဟုလည်း ပြောဆိုထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ BIMSTEC အစည်းအဝေးသို့ နစကဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက် ခဲ့စဉ်ကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ မိုဟာမက်ယူနွတ်၏ အထူး ကိုယ်စားလှယ်တို့သည် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးကို ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှုတွင် မည်သူမည်ဝါဖြစ်ကြောင်း စိစစ်အတည်ပြုမှု ရထားသည့် မွတ်ဆလင်ဦးရေ တစ်သိန်း ရှစ်သောင်းကိုသာ ဦးစွာပထမ လက်ခံမည်ဖြစ်ကြောင်း မြန်မာဘက်က ပြောဆိုထားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး မွတ်ဆလင် များ နေထိုင်သည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တို့ကို AA က ထိန်းချုပ်ထားသည်။