CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၀

မွတ်ဆလင်ဒုက္ခသည်များကို လာမည့် ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်၏ ပြောကြားမှုသည် လက်တွေ့တွင်  မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

မွတ်ဆလင် ဒုက္ခသည်များအနေဖြင့် လာမည့်နှစ် ရမဒန်ဥပုသ်လ ပွဲတော်အတွင်း ရခိုင်ပြည်နယ်က နေရပ်များ၌ ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဟု မတ်လ ၁၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့ဘဇားဒုက္ခသည်စခန်းသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်အတူ သွားရောက်ချိန်တွင် ယူနွတ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မွတ်ဆလင်ဒုက္ခသည်များအား ပြန်လည်လက်ခံရေး ဆွေးနွေးမှုများ ရှိလာနိုင်သော်လည်း ပြန်လည်လက်ခံရန်မှာ မလွယ်ကူလှကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

 မွတ်ဆလင် ဒုက္ခသည်ကို တွေ့ရစဉ်

၎င်းက “သူတို့ဘက်ကလည်း ဒီကိစ္စကို ရှင်းရမယ်ဆိုတာ သဘောပေါက်ထားပုံရတယ်။ ဒါပေမယ့် သူပြော သလောက် လွယ်မလား ဆိုတာကတော့ မပြောတတ်ဘူးပေါ့။ ရိုဟင်ဂျာကိစ္စက ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ပူနေတာ အမှန်ပဲ။ ဒါပေမယ့် ဘယ်လိုမှ ဒီဟာတွေကို ချက်ချင်း လက်ခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ AA အနေနဲ့ ကလည်း ဒါကို ယာယီဖြေရှင်းမှုအနေနဲ့ ဆွေးနွေးမယ်ပြောတာ တကယ့်တကယ် ပြန်လက်ခံဖို့ မလွယ်ဘူးလေ။ ရခိုင်ပြည်နယ်မှာရှိတဲ့ အခုပြည်သူတွေကိုတောင်မှ စားဝတ်နေရေး မဖြေရှင်းနိုင်သေးတာ။ ဒါတွေကို ပြန်လက်ခံဖို့ ဘယ်လိုလုပ်ဖြစ်မလဲ” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်မှ မွတ်ဆလင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် အာရက္ခတပ်တော်(AA) နှင့် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ထို့နောက် ARSA ခေါင်းဆောင် အပါအဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၁၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများက ဖော်ပြလာကြသည်။

၂၀၂၆ ခုနှစ်အတွင်း မွတ်ဆလင် ဒုက္ခသည်များကို ရခိုင်ပြည်နယ်သို့ ပြန်ပို့ရန်မှာ ဘင်္ဂလား‌ဒေ့ရှ်ဘက်မှ မျှော်မှန်း ချက် ဖြစ်နိုင်ကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ မြန်မာ့တပ်မတော် ကင်းစင်သွားမည်ဆိုပါက AA အနေ ဖြင့် ၎င်းတို့နေရပ်ပြန်ရေးကို ဆောင်ရွက်နိုင်စရာရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “အဲဒါကတော့ မျှော်မှန်းချက် ဖြစ်ပါတယ်။ ၂၀၂၆ ဖြစ်ဖို့ဆိုတာက AA ရဲ့ ရခိုင်ပြည် စစ်ကောင်စီ စစ်တပ် တွေ ကင်းစင်မှု၊ လှုပ်ရှားမှုက တကယ်လို့ ပြီးမြောက်သွားမယ်ဆိုရင် ရိုဟင်ဂျာတွေ ပြန်ပို့ရေးကိစ္စ တော်တော်လေး လုပ်ကိုင်ဆောင်ရွက်နိုင်စရာ အကြောင်းရှိပါတယ်။ အဲဒီအချိန်ကို မျှော်မှန်းပြီးတော့ တွက်ချက် ပြောဆိုတယ်။ အဲဒီ အတွင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ AA ကို တိုက်ခိုက်နေတဲ့ ARSA အဖွဲ့ရဲ့ လှုပ်ရှားမှုတွေလည်း ကန့်သတ် ထိန်းချုပ်ဖို့ လိုတယ်လို့ ယူဆတဲ့အတွက် သူ့ကို (ARSA ခေါင်းဆောင်) ဖမ်းဆီးတာဖြစ်ပြီးတော့ ၂၀၂၆ ခုနှစ်မှာ ဆိုရင် ဘင်္ဂါလီတွေ ပြန်ပို့ရေးဆိုတာကို AA အနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်း ‌ဆောင်ရွက်ပြီးတော့ စီစဉ်ချက်ကို ဖော်ထုတ် လာနိုင်စရာ အကြောင်းရှိတယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး တိုဟစ်ဟူစိန်ကလည်း မွတ်ဆလင် ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ နေရပ် ပြန်နိုင်ရေး မြန်မာနိုင်ငံအစိုးရနှင့် ဒေသအာဏာပိုင်များအပေါ် အများကြီး သက်ဆိုင်ကြောင်း ပြောကြားထား သည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည် ၁ ဒသမ ၂ သန်း ခန့်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော် မြန်မာအစိုးရဘက်ကတော့ အဆိုပါ ဒုက္ခသည် အရေအတွက် မရှိကြောင်း ပြောကြားထားသည်။