CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂
လက်ရှိတွင် အာရက္ခတပ်တော်(AA) သိမ်းပိုက်ရရှိထားသည့် ရခိုင်ပြည်နယ်ရှိ မောင်တောနှင့် ဘူးသီးတောင် မြို့တို့ကို မြန်မာ့တပ်မတော်က ပြန်လည်မရရှိပါက မွတ်ဆလင်များ နေရပ်ပြန်ရေးအား လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ယခင် နစက လက်ထက်၌ နှစ်နိုင်ငံတာဝန်ရှိသူများအကြား သဘောတူညီချက် ရရှိထားသည်မှာ မွတ်ဆလင် ဒုက္ခသည် ၁ သိန်း ၈ သောင်းကို ဦးစွာ နေရပ်ပြန်ပို့ရေး လက်ခံဆောင်ရွက်ရန် ဖြစ်သည်။
၎င်းတို့ နေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်ပြီး လက်ရှိ အုပ်ချုပ်နေသည့် ကာ/လုံနှင့် ရွေးကောက်ပွဲပြီးနောက် တက်လာ မည့် အစိုးရတို့တွင် တာဝန်ရှိကြောင်း၊ ထို မောင်တောနှင့်ဘူးသီးတောင်မြို့ကို ပြန်မရပါက နေရပ်ပြန်ရေး မလုပ်နိုင် ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီတော့ မောင်တော၊ ဘူးသီးတောင် နိုင်ငံရေး စစ်ရေးအားဖြင့် လာမယ့် repatriation (နေရပ်ပြန်) လုပ်မယ့် ဘင်္ဂါလီခေါ်တာပေါ့လေ သူတို့အတွက် အဓိကကျတဲ့ နယ်မြေတွေ ဖြစ်လာတယ်။ တကယ်လို့ မြန်မာ အစိုးရက မောင်တော၊ ဘူးသီးတောင်ကို မရရင် ဘယ်လိုမှ repatriation မလုပ်နိုင်ဘူး။ အဲဒီအကျပ်တည်းကြတော့ မြန်မာအစိုးရပေါ့ဗျာ ကာ/လုံမှာရှိမယ်၊ နောက်အစိုးရမှာရှိမယ်။ လက်ရှိ အနေအထားကို ပြောတာပါ။ ဒါပေမယ့် နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံတကာ community နဲ့ပတ်သက်လို့ လာမယ့် ရွေးကောက်ပွဲအလွန် အစိုးရ၊ အခု အစိုးရ အားလုံးအတွက် အရေးကြီးတာက BIMSTEC သဘောတူညီချက် ၁ သိန်း ၈ သောင်း ပြည်တော်ပြန်ရေး ဖြစ်တယ်။ အဲဒီပြည်တော်ပြန်ရေးကို ဘယ်လိုလုပ်မှာလဲ၊ စစ်ရေး၊ နိုင်ငံရေးအရဆိုတာ မြန်မာ လက်ရှိအစိုးရဘက် က ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ထဲမှာ ပါနေတယ်။ အဲဒီတော့ မြန်မာအစိုးရ အဲဒီဒေသကို မရဘဲနဲ့ ပြည်တော်ပြန် လို့ရမှာ မဟုတ်ဘူး။ အဲဒီမှာ လူကယ်ပြန်တို့၊ UNHCR တို့လာပြီးတော့ ဒုက္ခသည်ပြဿနာကို ပြန်လည်ဖြေရှင်းရမှာ ဖြစ်တယ်။ ဒီဟာမရဘဲနဲ့ ဘယ်လိုမှ တစ်သန်းခွဲလို့တောင် ယူနွတ်က ပြောနေပြီ။ ဆိုတော့ အဲဒီပြဿနာ နှစ်ခုက ရခိုင်ဒေသမှာ ရှိနေတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးအကဲ ယူနွတ်နဲ့ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကိုတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်က မွတ်ဆလင် အရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းကို နိုင်ငံတကာ ဖိအားပေးရန် လိုအပ်ကြောင်း နှစ် ၈၀ ပြည့် ကျင်းပနေသော ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။
ထို့ပြင် မွတ်ဆလင် ဒုက္ခသည်အရေး ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အချက် ၇ ခုပါဝင်သော လမ်းပြ မြေပုံကို ရေးဆွဲထားပြီး အချိန်ဘောင်အတွင်း နေရပ်ပြန်ပို့ပေးနိုင်မည့် ၎င်းလုပ်ငန်းစဉ်များကို ကမ္ဘာ့နိုင်ငံများက သဘောတူရမည်ဟုလည်း ယူနွတ်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် လူမျိုးစုများနှင့် သက်ဆိုင်သူများ ပါဝင်နေသည့် ပြဿနာများကို နိုင်ငံရေးအရ အဖြေရှာရန် လိုအပ်ကြောင်းလည်း နိုင်ငံတကာအသိုင်းအဝိုင်းကို ယူနွတ်က တိုက်တွန်းထားသည်။
မွတ်ဆလင် ဒုက္ခသည်များ အနေဖြင့် လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှ ဒုက္ခသည် စခန်းများတွင် နေထိုင်ရာ၌ အစားအသောက် ဆင်းရဲနိုင်သော်လည်း အသက်အန္တရာယ်မရှိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ထိုသူတို့ အနေဖြင့် ရခိုင်ပြည်နယ်ထဲ နေရပ်ပြန်လာမည် ဆိုပါက အစားအသောက် မပြည့်စုံသည့်အပြင် တိုက်ပွဲ များ ဖြစ်ပွားနေသည့် နယ်မြေဖြစ်သောကြောင့် အသက်အန္တရာယ်ပါရှိကြောင်း ၎င်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးအကဲ ယူနွတ်နဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို တွေ့ရစဉ်
ဦးမျိုးကျော်က “ဘာဖြစ်လို့လဲဆိုတော့ အဲဒီဒုက္ခသည်စခန်းမှာ နေရင် အစားအစာ ဆင်းရဲကောင်း ဆင်းရဲနိုင်တယ်။ ဒါပေမယ့် အသက်အန္တရာယ်တော့ မရှိဘူး။ နေရ၊ ထိုင်ရတာ လုံခြုံတယ်။ ကောင်းကောင်းမွန်မွန် နေလို့ရတယ်။ ရခိုင်ပြည်ထဲကို ရောက်လာမယ်ဆိုရင် သူတို့အတွက် အစားအစာ မစုံမလင်တဲ့အပြင် အသက်အိုးအိမ်တွေကလည်း မသေချာဘူး။ ဘာဖြစ်လို့လဲဆို ရခိုင်က စစ်မြေပြင် ဖြစ်နေတယ်။ ပိုပြီးဒုက္ခကြီးတယ်။ အကြမ်းဖက်သမားတွေ လည်း ဝင်နေသလို အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်တွေကလည်း အချိန်မရွေး လူအစုစု မြင်ရင် ဗုံးလာကြဲနိုင် သလို လက်နက်ကြီးတွေနဲ့လည်း ပစ်နိုင်တယ်။ ဆိုတော့ ရေတပ်ကသော်လည်းကောင်း၊ လေတပ်က သော်လည်း ကောင်း ဗုံးလာကြဲနိုင်တယ်ဆိုတဲ့ အတွင်းမှာ ရခိုင်ပြည်မှာနေရင် အသက်အိုးအိမ်လည်း မလုံခြုံသလို အစားအစာ၊ ရိက္ခာကအစ ဘယ်လိုမှ ပြည့်စုံမှာ မဟုတ်ဘူး။ အဲဒီတော့ လောလောဆယ်မှာ သူတို့အတွက် အသင့်တော်ဆုံးက ဘင်္ဂလားဒေ့ရှ်ဘက်က ကမ့်တွေမှာ နေတာဟာ အသင့်တော်ဆုံးပဲလို့ ကျနော်ကတော့ ပြောချင်တယ်” ဟု ပြော သည်။
နစကလက်ထက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ်၊ ဧပြီလက BIMSTEC အစည်းအဝေး တက်ရောက် ရန် ဘန်ကောက် ခရီးစဉ်၌ မွတ်ဆလင် ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်၏ အဆင့်မြင့်ကိုယ်စားလှယ် ဒေါက်တာ ခါလီလာရာမန်တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
နစကနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ဆွေးနွေးမှုတွင် ထွက်ပြေး တိမ်းရှောင်သွားသည့် မွတ်ဆလင် ဒုက္ခသည်များ ထဲမှ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်အတည်ပြုထားနိုင်သည့် အရေအတွက်ပေါင်း ၁၈၀,၀၀၀ ရှိသည်ဟု မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကို အသိပေးခဲ့သည်။
ထို့ကြောင့် နေရပ်ပြန်ပို့ရေး အမှန်တကယ် လုပ်ဆောင်ခဲ့သည်ရှိသော် တရားဝင် စိစစ်အတည်ပြုရသေးသည့် ပမာဏ ၁၈၀,၀၀၀ ကိုသာ မြန်မာဘက်မှ ဦးစွာလက်ခံမည့် အနေအထားဖြစ်သည်။