CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင် က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်အား နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ပြစ်ဒဏ်များအား ယာယီသမ္မတအမိန့်ဖြင့် ခြွင်းချက်မရှိ လွတ်ငြိမ်းခွင့်ပြုကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် အမိန့် ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ကြောင့် ဒေါက်တာအေးမောင်သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်တွေမြို့နယ်ကနေ ဝင်ရောက် အရွေးချယ်ခံမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ရည်မှန်းထားတာကတော့ အမျိုးသားလွှတ်တော်ပေါ့၊ FPTP နဲ့ စစ်တွေခရိုင်ဘက်ကို ရည်မှန်းထားပါတယ်၊ အဲဒါမျိုးလည်း ပါတီဘက်က FPTP ခရိုင် အားလုံးပေါ့၊ ကျနော်တို့ လာမယ့် ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ကြမယ်လို့ ရည်မှန်းထားပါတယ်။ ဒီလူစုနေဆဲပါပဲ တချို့မြို့နယ်တွေက ဟိုအိမ်ထောင်စုတွေ ပြောင်းရရွှေ့ရတာခက်တယ်။ ပြိုင်ဖို့ လူရှိကြပါတယ်။ ဒါပေမယ့် မိသားစုနဲ့တိုင်ပင်တဲ့အခါမှာ နောက်ဆုတ် သွားကြတဲ့ လူတွေလည်း ရှိကြပါ တယ်၊ ရှေ့တိုးလာတဲ့ လူတွေလည်း ရှိကြပါတယ် မတည်ငြိမ်သေးဘူးပေါ့။ ကျန်တဲ့ကာလအထိတော့ စုစဲ ဆောင်းစဲပေါ့။ အခုတော့ ရခိုင်က ၆၄ ဦးဗျ။ သူရဲ့ ၁၇ မြို့နယ်မှာလေ ဘယ်နှစ်ယောက် ပြည့်ပြီဆိုတာတော့ မပြောနိုင်သေးဘူး။ လောလောဆယ်‌တော့ အန်ကယ်တို့က စာမေးပွဲအောင်ထားတဲ့သဘော”ဟု ပြောသည်။ 

ဒေါက်တာအေးမောင်ကို တွေ့ရစဉ် 

ရခိုင်ပြည်နယ်တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ရခိုင့်ဦးဆောင်ပါတီ(AFP)ကို ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက် နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသား အခွင့်အရေး ရရှိအောင် ကြိုးပမ်းသွား မည်ဟု ဒေါက်တာအေးမောင်က ပြောသည်။

၎င်းက “အဓိကတော့ ငြိမ်းချမ်းရေးပါပဲ နှစ် ၈၀ လောက် အခုလို ဆိုးကျိုး သံသရာက ရုန်းထွက်သင့်ပြီဆိုတဲ့ အမြင် ပေါ့။ ပြည်တွင်းစစ်၊ နိုင်ငံရေးအားဖြင့် ညှိနှိုင်းဖြေရှင်းပြီးမှ ပြေလည်မှုရသင့်တဲ့ကာလ ရက်တောင်ကျော်ပြီးပြီ။ အဲတော့ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုဆိုတဲ့ နိုင်ငံတော်တစ်ရပ်ကို မြန်မာလူထုကတော့ ခံစားသင့်ပြီ အဲဒီဥစ္စာ ကို အရေးပေး ဆောင်ရွက်ရမယ်လို့ ခံယူတယ်။ အဲဒီကဏ္ဍတွေမှာ တစ်တတ်တအား ပါဝင်သွားမှာပေါ့။ တိုင်ရင်း သားများရဲ့ ရပိုင်ခွင့်ခေါ်တာပေါ့။ အခြေခံဥပဒေအရ ကျနော်တို့ရအောင်လို့ ဆောင်ရွက်ရမယ် နိုင်ငံရေးအားဖြင့် ပြေလည်မှုရှိအောင်၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းအောင် ကျနော်တို့ ဆက်လက်ပြီး အကောင်အထည် ဖော်ရ မယ်”ဟု ပြောသည်။

ဒေါက်တာအေးမောင်ကို တွေ့ရစဉ် 

လက်ရှိတွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ကြိုးပမ်းနေကြ သော်လည်း တချို့သော တိုင်းရင်းသား လက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များအထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။