CNI News

၂၀၂၅ ခုနှစ်၊ မေလ ၁၂

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါက ရွေးကောက်ပွဲအလွန် ပေါ်ထွက်လာမည့် အစိုးရအနေဖြင့် တိုင်းပြည်နှင့်ပြည်သူအတွက် မည်သည့်အရာများအား ဦးစား‌ပေး ပြုပြင်ပြောင်းလဲမှုများ လုပ်မလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက စောင့်ကြည့်နေကြသည်။

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသည် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဦးစားပေးလုပ်ရမည်ဖြစ် သလို အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်ကိုလည်း ပုံပေါ်စုဖွဲ့ရမည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လာမယ့် အစိုးရနဲ့လွှတ်တော် ရွေးကောက်ပွဲအလွန်ကာလမှာ ဘာလုပ်သင့်သလဲဆိုတာမျိုး။ ပထမတစ်ခု လိုအပ်ချက်က နိုင်ငံရေးတည်ငြိမ်မှု၊ အဲဒီတော့ တည်ငြိမ်မှုရှိအောင် ဘယ်လိုနည်းနဲ့ ဖော်ဆောင်ကြမှာလဲ၊ အဲဒီ တော့ ကျနော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်နဲ့ သွားမယ်လို့ ၂၀၀၈ မှာ ပေးထားပြီးသားဖြစ်တယ်၊ ပါတီများစွာ ရှိတယ်၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကတော့ မြဲမှာပေါ့၊ အဲဒါကြောင့် ရွေးကောက်ပွဲအလွန်ကာလ ပါတီတွေ ညီညွတ်မှုတစ်ခုနဲ့ နိုင်ငံကို ဘယ်လိုဖွံဖြိုးတိုးတက်အောင် နိုင်ငံရေးတည်ငြိမ်မှုတစ်ခု ရယူမှာလဲဆိုတဲ့ ဦးတည်ချက် တစ်ခု လိုအပ်တာပေါ့၊ အဲဒီတော့ ညှိနှိုင်းကြရမယ်၊ လက်ရှိ အကျပ်အတည်းကို ဘယ်လို ကျော်ဖြတ်ရင် ကောင်းမှာ လည်းဆိုတဲ့ မျှော်မှန်းချက်တွေ တူတာတူတာတွေကို စုရမှာပေါ့၊ လူ ၄၀၀၀ လောက် အခုမန္တလေးငလျင်ကြီးမှာ အသက်ပေးခဲ့ရပြီ။ ဘယ်လို ပြန်လည်ထူထောင်မှု ငွေကြေးအားဖြင့် လိုအပ်တဲ့ အတိုင်းအတာကိုရအောင် ဘယ်လို သွားမှာလဲ၊ အမျိုးသားညီညွတ်တဲ့ အစိုးရတစ်ရပ်လိုတယ်၊ လွှတ်တော်အတွင်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍမျိုးကို အပေးအယူရှိရှိနဲ့ အတိုက်အခံလို့ပဲ ပြောပြောပေါ့ဗျာ ညှိနှိုင်းပြီးမှ နိုင်ငံတော်နဲ့ နိုင်ငံသား တွေအတွက် ဦးတည်ပြီးမှ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ အခင်းအကျင်း လာမယ့် ၅ နှစ်မှာ အဲဒါလိုအပ်ချက်ပဲ၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းမှပဲ နိုင်ငံရေးတည်ငြိမ်မယ်၊  အဲဒီလိုနိုင်ငံရေး တည်ငြိမ်မှပဲ ဖွံ့ဖြိုးတိုးတက်တယ် ဆိုတဲ့ ဒါ Calendar ကျပေါ့ဗျာ၊ ဒီဥစ္စာက ကမ္ဘာကြီးတစ်ခုလုံးမှာ ဒီတိုင်းသွားနေတာ” ဟု ပြောသည်။ 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာ၏ ထောက်ခံမှုများလည်း ရရှိထား ကြောင်း၊ ရွေးကောက်ပွဲအား ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုး‌ပေးရန် နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားခရီးစဉ်ကအပြန် ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်တွင် မီဒီယာများသို့ ပြောထားသည်။

အဆိုပါ ရုရှားခရီးစဥ်အတွင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များ နှင့် တွေ့ဆုံပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်အကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအလွန်အစိုးရသည် ပြည်သူအတွက် အဓိက ပညာရေးနှင့် ကျန်းမာရေးအား ဦးစားပေး ဆောင်ရွက် ပေးသင့်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနှင့် နစကဥက္ကဋ္ဌကို တွေ့ရစဉ်

၎င်းက “အခုက ဒီရွေးကောက်ပွဲတော့ မဖြစ်မနေတော့ လုပ်မှာပေါ့နော်၊ သူတို့လုပ်တာတော့ ဒါကတော့ ရွေးကောက်ပွဲ ပြီးသွားရင်တော့ အာဏာ ၃ ရပ်ကို တစ်ယောက်ထဲ ကိုင်တဲ့ဟာက ၃ ယောက်က ကိုင်တော့ Check and Balance တော့ ရှိလာတာပေါ့လေ။ ဥပဒေပြုရေး၊ အုပ်ချုပ်‌ရေး၊ တရားစီရင်ရေး Check and Balance ရှိပြီဆို တဲ့ အခါကျတော့ တိုင်းပြည်အတွက်ကတော့ ကောင်းကောင်းမွန်မွန် လုပ်လို့ရလာနိုင်တယ်ပေါ့၊ ဘာတွေဦးစားပေး လုပ်သင့်လဲဆိုတော့ အခုပြည်သူတွေက အဓိက ပညာ‌ရေးနဲ့ကျန်းမာရေးကို အဓိက ဦးစား‌ပေး လုပ်သင့်ပါတယ်၊ ဒီတက်လာတဲ့ အစိုးရအနေနဲ့ ကျနော်တို့က ပညာနည်းနဲ့အခါကျတော့ စဥ်းစားဆင်ခြင်ဥာဏ်နည်းပြီးမှ ဒီနေ့အချိန် မှာ တိုင်းပြည်က ဒီလိုဖြစ်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်မိလို့ပါ၊ နိုင်ငံရေး တည်ငြိမ်မှုတော့ လိုပါတယ်၊ ဒါပေမယ့် မတည်ငြိမ်လည်း လုပ်သွားကြရမှာပါပဲ၊ ပညာရေးဆိုရင်တော့ သင်ရိုးညွှန်းတန်းတွေကအစ ပြောင်းလဲ ပစ်ဖို့တော့ လိုအပ်တယ်ဗျ၊ အခုသင်ရိုးညွှန်းတန်းတွေမှာ ဆိုရင်တော့ များသောအားဖြင့်ကတော့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတို့ ဘာတို့တွေပဲ၊ နိုင်ငံချစ်စိတ်ဆိုတဲ့ စိတ်ဓာတ်တွေက ပျောက်နေကြတာဆို‌တော့ ပုဂ္ဂိုလ်ချစ်စိတ်ဖက် ကိုပဲ သွားတယ်၊ နိုင်ငံသားတိုင်းက နိုင်ငံချစ်စိတ်ရှိမယ်ဆိုရင် ခုလိုပြဿနာမျိုးလည်း ကြုံလာတော့မှာ မဟုတ်ဘူး လို့ မြင်တယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် အင်အားစုများက ကြိုးပမ်းနေသလို နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

ပြည်သူများအနေဖြင့် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်ဖြစ်သည့် အကြမ်းဖက်ဝါဒအား ပြတ်ပြတ်သားသား ဆန့်ကျင် ကြစေလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

 နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင် ရန်အတွက် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရန် လိုအပ် ကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျ‌ရောက်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။