CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၉

လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအနေဖြင့် နယ်မြေများတိုက်ခိုက် သိမ်းယူထားခြင်းသည် မြို့နယ်များအား တိုက်ခိုက် သိမ်းယူထားခြင်းလား၊ မြို့များကို တိုက်ခိုက်သိမ်းယူထားခြင်းလားဆိုကာ ပြည်သူလူထုကြား မေးခွန်း များ ထွက်ပေါ်လျက်ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ(EAOs)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(PDF)တို့သည် နိုင်ငံတစ်ဝန်း တွင် မြို့နယ်ပေါင်း ၁၄၄ မြို့နယ်နှင့် မြို့ပေါင်း ၉၅ မြို့အား စိုးမိုးထိန်းချုပ်ထားကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တော်လှန်‌ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် နယ်မြေများသည် မြို့များသာဖြစ်ပြီး မြို့နယ်အနေဖြင့် ၃၀ ပတ်ဝန်း ကျင်လောက်သာ ရှိ‌သေးကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တမူးမြို့နယ်ထဲမှာ ခမ်းပတ်ရှိတယ်၊၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ပေါ့နော်၊ ခမ်းပတ်မြို့ဆိုတဲ့ ဥစ္စာလေးက ဒါမြို့နယ်ကို ကိုယ်စားမပြုဘူး၊ မြို့တစ်ခုလို့ပဲ သတ်မှတ်ထားတာ။ အခုကျနော်တို့ ရွှေကူမြို့နယ် မှာဆိုရင် မြို့လှမြို့ကို သူတို့သိမ်းထားတယ်၊ မြို့လှမြို့ဆိုတာ အိမ်ခြေတစ်ရာကျော်ပဲရှိတယ်၊ ရွာသာသာပဲ ရှိတာ။ အုပ်ချုပ်ရေး လိုအပ်ချက်အရ သူက မြို့နာမည် သတ်မှတ်ပေးလိုက်ရတာပေါ့၊ ‌ရွှေကူမြို့ပေါ်မှာကျတော့ နစကရဲ့ အုပ်ချုပ်ရေးအာဏာတွေ သက်ရောက်နေတုန်း ရှိပါသေးတယ်။ တကယ်လို့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ရွှေကူ မြို့မှာ လုပ်လိုက်တာနဲ့ မြို့လှမြို့တွေ ဘာတွေ ဘာမှပြောစရာ မလိုတာတွေမလား၊ မြို့နယ်ထဲ ပါသွားပြီလေ။ ကန်ပိုက်တီမြို့တို့ ဘာတို့ဆိုတာလည်း ဝိုင်း‌မော်မြို့နယ်ထဲပါပါတယ်၊ ဒါကြောင့်မို့ အခုသိမ်းတဲ့ မြို့နယ်တွေ ၈၀ ကျော် မဟုတ်ပါဘူး သူတို့သိမ်းတဲ့ ဥစ္စာက မြို့တွေပါ၊ ဒါနိုင်ငံတော်က လိုအပ်ချက်အရ သတ်မှတ်ပေးထားတဲ့ မြို့လေးတွေပေါ့လေ၊ အမှန်တကယ်တော့ သူတို့သိမ်းထားတဲ့ မြို့‌တွေကို တွက်ကြည့်မယ် ဆိုရင်တော့ ၁၀ မြို့နယ် ကျော်ပဲ ရှိပါသေးတယ်၊ ရခိုင်ရော အပါဆိုရင်တော့ မြို့နယ် ၃၀ ပတ်ဝန်းကျင်လောက်ပဲ ရှိသေးတယ်၊ သူတို့သိမ်း ထားတာလေ” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)ကို တွေ့ရစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သို့သော် ရွေးကောက်ပွဲ လုပ်မည်ဆိုပါက နယ်မြေတည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိပါက ရွေးကောက်ပွဲလုပ်၍ မရသလို မဲစာရင်း ကောက်ခြင်းများ၊ မဲဆွယ်စည်းရုံးခြင်းများ လုပ်၍မရသော ကြောင့် လုံခြုံရေးနှင့် တည်ငြိမ်ရေးအား ဦးစားပေးလုပ်ရန် အဓိကကျကြောင်းလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

‌ရွေး‌ကောက်ပွဲလုပ်သည့်အခါတွင် မဲဆန္ဒနယ်ကြီးကြီး သတ်မှတ်သင့်ကြောင်း၊ ထိုသို့ သတ်မှတ်လိုက်ပါက တိုက်ပွဲ ရှောင်နေကြသည့် သူများပါ မဲထည့်၍ ရသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော့် စိတ်ထင်ကတော့ အဲဒါကြောင့်မို့လို့လည်း သူကခွဲလုပ်မယ်လို့ ပြောတာပေါ့နော်၊ ကျနော်တို့ လုပ်လို့ရတဲ့ဟာကို အရင်လုပ်မယ်၊ ပြီးရင် အခုသိမ်းခံထားရတဲ့ မြို့နယ်တွေကို ပြန်တိုက်တာမျိုး ဖြစ်နိုင်တာပေါ့၊ ပြန်တိုက်တာလည်း တိုက်တာတစ်ပိုင်းပေါ့လေ၊ ဒါပေမယ့် ရွေး‌ကောက်ပွဲကို များများကျင်းပလို့ ရအောင်ပေါ့ ကျနော်တို့က မဲဆန္ဒနယ်ကြီးကြီး သတ်မှတ်လိုက်ပါ၊ PR စနစ် ကျင့်သုံးမယ်ဆိုတော့ မဲဆန္ဒနယ်ကြီးကြီး သတ်မှတ် လိုက်လို့ရှိရင် ရန်သူ့လက်ကျနေတဲ့ မြို့တွေလည်းရှိမယ်၊ ဒါပေမယ့် ဒီဖက်မှာ အဲဒီမြို့နယ်ကလူတွေက ဒီဖက် မကျ သေးတဲ့ နေရာတွေကို ပြေးလာပြီး စစ်ရှောင်အနေနဲ့ ရှိနေတာရှိတယ်။ အဲအတွက်ကြောင့်မို့လို့ ကျနော်တို့က မဲဆန္ဒ နယ်ကြီးကြီး သတ်မှတ်လိုက်လို့ရှိရင် ဟိုဖက်ကနေ စစ်ရှောင်လာတဲ့လူတွေပါ မဲထည့်လို့ရသွားမယ်၊ လက်ရှိစိုးမိုးမှု မရှိပေမယ့်လည်း ကိုယ်စားလှယ် အရေအတွက်တော့ ထွက်သွားမယ်ပေါ့၊ ဒီအတွက်ကြောင့်မို့လို့ နည်းနည်း ပိုပြီး လည်း ကျယ်ကျယ်ပြန့်ပြန့်လည်း ဖြစ်သွားမယ်ဆိုပြီးတော့ မဲဆန္ဒနယ်ကြီးကြီး သတ်မှတ်ပြီးတော့မှ ရွေးကောက်ပွဲ လုပ်သင့်ပါတယ်ဆိုတာတော့ အကြံပြုထားတာပေါ့” ဟု ပြောသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက် ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်၊ နမ္မတူနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းတို့ကို ထိန်းချုပ်ထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုး၊ သိန္နီ၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး အပါအဝင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ) တို့ကို ထိန်းချုပ်ထားသည်။

ထို့နောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်နှင့် နယ်စပ်ကုန်သွယ်ရေး မြို့ လွယ်ဂျယ်မြို့တို့ကို ထိန်းချုပ်ထားသည်။

အလားတူ အာရက္ခတပ်တော်(AA)ကလည်း ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ဂွ၊ မြောက်ဦးနှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့တို့ကို ထိန်းချုပ်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရွှေပြည်အေး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ အင်းတော် မြို့များကို လည်း KIA-PDF တို့က ထိန်းချုပ်ထားသည်။