CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉

မွန်၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့၌ ရွေးကောက်ပွဲအပိုင်း(၁) မဲရလဒ်များတွင် တိုင်းရင်းသားပါတီများ အား‌ကောင်းမှု ရှိ သကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အားကောင်းသည့် နေရာများလည်း ရှိနေကြောင်း သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။

မြို့နယ် ၃ ခု၌ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် စစ်တွေမြို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်နေပြီး မာန်အောင်မြို့မှာတော့ ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဦးဆောင်နေကြောင်း AFP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အကြမ်းဖျင်း စစ်တွေမှာ ပြည်ခိုင်ဖြိုး ဦးဆောင်တယ်။ မာန်အောင်မှာကြတော့ အန်ကယ်ထင်တယ် အန်ကယ်တို့ ပါတီက ဦးဆောင်နေပါတယ်။ ကျောက်ဖြူမှာကြတော့ အမျိုးသားနဲ့ ပြည်သူ့ဘက်မှာ အန်ကယ်တို့ ဦးဆောင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးမှာ ကြိုတင်မဲတွေ အများကြီး ရထားတာရှိတယ်။ အဲဒါလေး တစ်ခုကတော့ အန်ကယ်တို့ စစ်တွေလိုပေါ့ ရွေးကောက်ပွဲရလဒ်ကို change လုပ်နိုင်တယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ မဲပေးနေစဉ် 

ကရင်ပြည်နယ်တွင်လည်း မြို့နယ် ၃ ခု၌ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ USDP ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီတို့ အကြိတ်အနယ် ရှိသော်လည်း USPD မှ မဲအများဆုံး အနိုင်ရရှိနေကာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)သည် ဒုတိယနေရာတွင် ရှိနေကြောင်း KNDP ပါတီဥက္ကဋ္ဌ ဦးမန်းအောင် ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ထိုရလဒ် ဖြစ်လာမည်ကိုလည်း ကြိုတင် တွက်ဆထားပြီးသားဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဦးမန်းအောင်ပြည်စိုးက “ရလဒ်က ဒီလိုပဲဖြစ်လိမ့်မယ်လို့တော့ ကြိုတော့ တွက်ထားတယ်။ ဘာလို့ဆို ကျနော်တို့ ပါတီတွေကလည်း ပါတီငယ်တွေလည်း ဖြစ်တယ်။ နောက်ပြီးတော့ စည်းရုံးရေး အင်အားကလည်း အချိန်ကလည်း နည်းတဲ့အတွက် စည်းရုံးရေးကလည်း ဒီလောက် မဆင်းနိုင်ဘူးပေါ့လေ။ အဲဒီတော့ အဲဒီပါတီကြီးနဲ့ ယှဉ်တဲ့အခါကြ တော့ သိပ်မျှော်လင့်ချက်တော့ နည်းတယ်ပေါ့။ ပါတီကြီးဆိုတဲ့ နေရာမှာ ကျနော်တို့ ပြည်နယ်မှာ PPP လည်း လာ တယ်၊ ကျားဖြူပါတီလည်း လာတယ်။ သူတို့လည်း တစ်ပြည်လုံး အတိုင်းအတာ လွှမ်းခြုံတယ် ပါတီကြီးပဲလေ။ ဒါပေမယ့် သူတို့က မဲ မရကြဘူး။ မရကြဘူးဆိုတာ ဆယ်ဂဏန်း၊ ခုဂဏန်းလောက်ပဲ ရတာတွေ့ရတယ်။ အဲဒီလို အပိုင်းလေးတွေတော့ ရှိတယ်။ ကျနော်တို့ ကရင်ပြည်နယ်မှာကတော့ ကရင်ပါတီဖြစ်တဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ နဲ့ ဖလုံစဝေါ်ပါတီရယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရယ် ၃ ပါတီကတော့ အကြိတ်အနယ်ဆိုတဲ့ သဘောလေး ရှိတယ်။ သို့သော် တကယ်တမ်း ချုံ့လိုက်တဲ့ အခါကြတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နည်းနည်း အနိုင်ရသွားတယ်လို့ ပြောလို့ရတာပေါ့” ဟု ပြောသည်။

ရွေးကောက်ပွဲ မဲပေးနေစဉ် 

မြို့နယ် ၅ ခု ပါဝင်ခဲ့သည့် မွန်ပြည်နယ်တွင်မူ ချောင်းဆုံမြို့နယ်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နေရာတို့တွင် မွန်ညီညွတ်ရေးပါတီ(MUP) အနိုင်ရရှိနေပြီး ကျန်မြို့များ၏ မဲရလဒ်များကိုမူ မသိရှိရသေးကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ကျင်းပဖြစ်သည့် မြို့နယ် ၅ ခု၌ အချို့ကျေးရွာများတွင် မဲရုံမဖွင့်နိုင်သည့်အတွက် မွန်ညီညွတ်ရေးပါတီ အားသာရမည့် နေရာတွင် အားမသာသည့်သဘော ဖြစ်သွားကြောင်း ၎င်းက ပြောသည်။

ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေ “အပိုင်း (၁) ကတော့ ကျနော်တို့ ချောင်းဆုံက မဲဆန္ဒနယ်အားလုံး ပါတယ်ပေါ့ နော်။ ချောင်းဆုံရယ်၊ မော်လမြိုင်ရယ်၊ မဲရုံတွေ၊ ရပ်ကျေးတွေ အကုန်လုံး ပါတယ်။ ဒါပေမယ့် ကျိုက်မရောမှာ ကြတော့ ရွာတွေအထိကို မဲရုံမဖွင့်နိုင်ဘူး။ မဲရုံမဖွင့်နိုင်တော့ ဘယ်လိုပြောရမလဲ ကျနော်တို့ အားသာတဲ့နေရာမှာ အားပြတ်သွားတာပေါ့ ကျိုက်မရောတို့လိုမျိုးပေါ့” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မွန်၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့တွင် မဲလာပေးကြမှုအပေါ် အားရမှုရှိကြောင်းလည်း သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ တစ်နိုင်ငံလုံး မဲရလဒ် အခြေအနေများအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ မဲအများဆုံး အနိုင်ရရှိနေသည့် အနေအထား ဖြစ်နေကြောင်းလည်း သိရသည်။