CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ အနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကိုသာ ကိုယ်စားပြုပြိုင်မည့်ပါတီများထက် ပြည်ထောင်စုတစ်ဝန်းလုံး ကိုယ်စားပြုပြိုင်မည့် ပါတီများက အခက်အခဲပိုရှိနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ 

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုကိုသာ ဝင်ပြိုင်မည့် ပါတီသည် ပါတီဝင် အင်အား ၁၀၀၀၊ မိမိပါတီ ဝင်ပြိုင်မည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် ၅ မြို့နယ်တွင် ပါတီရုံးခန်း ၅ ခန်းဖွင့်ရန်သာ သတ်မှတ်ထားပြီး ပြည်ထောင်စုတစ်ဝန်း ဝင်ပြိုင်မည့် ပါတီများကတော့ ပါတီဝင် အင်အား ၅၀,၀၀၀၊ ရုံးခန်း‌ပေါင်း ၁၁၀ ရုံး၊ မဲဆန္ဒနယ်၏ ထက်ဝက်ကျော် ဝင်ပြိုင်ရမည်ဟု သတ်မှတ်ထားသည်။

ပြည်ထောင်စုအခြေပြုပါတီများတွင် အကျပ်အတည်း ကြီးကြီးမားမား ရှိနိုင်သော်လည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခြေစိုက်သည့် ပါတီများသည် လက်ရှိ ရွေးကောက်ပွဲတွင် ထိခိုက်မှုရှိရန် ခက်ခဲကြောင်း ရခိုင့်ဦးဆောင် ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်နဲ့ နိုင်ငံရေးပါတီတွေကိုတွေ့ရစဉ်

၎င်းက “တိုင်းဒေသကြီး/ပြည်နယ် အခြေစိုက်တဲ့ ပါတီတွေဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ချင်း ဥပဒေအရနော်။ ဒီပါတီဝင် အင်အား ၁၀၀၀ ကျော်ရမယ်။ မြို့နယ် ၅ မြို့နယ်ကို ရုံးဖွင့်ရမယ်။ အဲတော့ မြို့နယ် ၅ မြို့နယ် ရုံးမဖွင့် နိုင်တဲ့ တိုင်းဒေသကြီး/ပြည်နယ် အခြေစိုက်တဲ့ ပါတီတွေကတော့ဖြင့် ခုနက နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ ပျက်ပျယ်မဲ့ သဘောနော်။ အဲတော့ ပြည်နယ်/တိုင်းဒေသကြီး အခြေစိုက်တဲ့ ပါတီတွေက မဲဆန္ဒနယ် တစ်နယ်မှာ ယှဉ်ပြိုင်နော်။ ခုနကလို ပါတီဖျက်သိမ်း ခံရခြင်းကနေ လွတ်ကင်းနိုင်တယ်။ တိုင်းဒေသကြီး/ ပြည်နယ် အခြေပြုတဲ့ ပါတီတွေဘက်က လက်ရှိ ရွေးကောက်ပွဲပေါ်မှာ ထိခိုက်ဖို့ ထိခိုက်မှုရှိဖို့ အင်မတန် ခက်ခဲပါ တယ်။ ပြည်ထောင်စု အခြေပြုတဲ့ ပါတီတွေမှာ အကျပ်အတည်း ကြီးကြီးမားမား ရှိနိုင်တယ်။ ဥပမာ ပါတီဝင်ဦး‌ရေ ၁ သိန်းရှိတယ်။ ရုံးပေါင်း မြို့နယ်ပေါင်း ၁၁၁ မြို့နယ်မှာ ရုံးဖွင့်ပြီးသား ရှိရမယ်ဆိုတာ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့အထိ အနေအထား မပြည့်မှီရင် ပါတီဖျက်သိမ်းခြင်း ခံရမှာဖြစ်သလို ၈၃၃ နယ်သော မဲဆန္ဒနယ်မှာ ထက်ဝက်ကျော် ၄၀၀ ကျော် ယှဉ်ပြိုင် လွှတ်တော် ကိုယ်စားလှယ်လောင်းကို မတင်သွင်းနိုင်လို့ရှိရင် နိုင်ငံရေးပါတီ  အဖြစ်ကနေ ဖျက်သိမ်းခံရနိုင်ခြေ ရှိပါတယ်။ အဲဒီ အကျပ်အတည်းနဲ့ ကြုံတွေ့နိုင်ပါတယ်”ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံပါတီများ အနေဖြင့် ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ် အရေအတွက် ပြည့်မှီရေး ဆောင်ရွက်ပြီး စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား၍ ကော်မရှင်သို့ တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ(၁၂)၊ ပုဒ်မခွဲ(က)တွင် ပါတီတစ်ခုသည် ပုဒ်မ ၅ ပုဒ်မခွဲ(စ)ပါ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို စည်းရုံးမှု မပြုနိုင်ကြောင်း တွေ့ရှိခြင်း၊ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)ပါ သတ်မှတ် ချက်အတိုင်း ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း တွေ့ရှိခြင်း စသည့် အချက် တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၁၂)၊ ပုဒ်မခွဲ(ခ)တွင် ကော်မရှင်သည် ပုဒ်မခွဲ(က)ပါ အချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံ‌ရေးပါတီတွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

တခြား တစ်ဖက်မှာလည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဖျက်မည်ဖြစ် ကြောင်းနှင့် ပူးပေါင်းပါဝင်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ထုတ်ပြန်ထားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် လုံခြုံရေး စိုးရိမ်နေကြသလို ပြည်သူများ မဲလာ မပေးမည်ကိုလည်း စိတ်ပူနေကြသည်။

ရွှေ့ပြောင်း အခြေချနေသည့် ပုဂ္ဂိုလ်များ၏ မဲနှင့်ပေါင်းလျှင် ရွေးကောက်ပွဲ ပြီးမြောက်သွားမည့် သဘောရှိကြောင်း၊ လုံခြုံရေးအဖွဲ့အစည်းများ၏ လုံခြုံမှု အကာအကွယ်ကို ယူပြီး ရွေးကောက်ပွဲကို ဖြတ်သန်းမည့် သဘောရှိကြောင်း ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အထူးသဖြင့် ၁၀၂ မြို့နယ် တစ်ပြိုင်တည်း ကျင်းပမယ့် ဒီဇင်ဘာ ၂၈ မှာ မာန်အောင်ရယ်၊ ကျောက်ဖြူ ရယ်၊ စစ်တွေရယ်က လုံခြုံမှု တည်ငြိမ်နိုင်ပါတယ်။ အန်ကယ်တို့ရဲ့ အနေအထားအရ ရခိုင်ဒေသ သုံးမြို့နယ် အပြင် ရခိုင်ဒေသမှာ AA လောလောဆယ် အုပ်ချုပ်နေတဲ့ ၁၄ မြို့နယ်က ရန်ကုန် ရွှေ့ပြောင်း အခြေချနေတဲ့ ပုဂ္ဂိုလ်များရဲ့ မဲနဲ့ပေါင်းခဲ့လို့ရှိရင် ရွေးကောက်ပွဲကြီး ပြီးမြောက်သွားမယ့် သဘောရှိပါတယ်။ အဲတော့ ပါတီအနေ နဲ့ကတော့ ပထမဆုံး အန်ကယ်တို့ ပြောနိုင်တာက မိမိရဲ့ လုံခြုံရေးကို မိမိတို့ကိုယ်တိုင် လက်ရှိ အနေအထားမှာ ယူရပါတယ်၊ အန်ကယ်တို့ ပါတီ သို့မဟုတ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဒါကျနော်တို့ ဆောင်ရွက်နေတဲ့၊ အောင် မြင်ရေး အောင်နိုင်ရေးအဖွဲ့တွေဘက်က သွားသင့်တယ် မသွားသင့်ဘူး ဒီလမ်းက သွားသင့်တယ် ဒီလမ်းကို မသွား သင့်ဘူး။ ဘယ်လို မိတ်ဆွေ စည်းရုံးသင့်တယ် ဆိုတာမျိုးကို ချဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်၊ ပထမက မိမိ ကိုယ်ကိုယ် ဒုတိယက မိမိအဖွဲ့အစည်း ဘက်က လုံခြုံမှု၊ ဥပဒေအကြောင်းအရာရယ် လုံခြုံရေး အဖွဲ့အစည်းများရဲ့ လုံခြုံမှု အကာအကွယ်ကို ယူပြီးတော့ လာမယ့် ရွေးကောက်ပွဲကို  ဖြတ်သန်းမှ ဖြစ်မယ်ဆိုတဲ့ သဘော အန်ကယ်တို့ ဘက်က သုံးသပ်ထားတာ ရှိပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ပျက်ပြားအောင်လုပ်ခြင်း၊လူသေ ဆုံးခြင်း၊ လူသေအောင်လုပ်ခြင်း စသည့် တစ်ခုခုအား ကျူးလွန်ပါကအနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှအများဆုံး တစ်သက်တစ်ကျွန်းကနေ သေဒဏ်အထိပေးနိုင်သောရွေးကောက်ပွဲဆိုင်ရာအကာအကွယ်ပေးရေးဥပဒေကို၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြဋ္ဌာန်းထားသည်။