CNI International News
ဂါဇာစီးတီး၊ စက်တင်ဘာ ၈
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ၏ ဂါဇာစီးတီး (Gaza City) မြို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်ခြင်းအား အရှိန်မြှင့်တင်နေပြီး ဒေသခံများကို ခန်းယူနစ် (Khan Younis) မြို့ရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဇုန် သို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဂါဇာစီးတီးတွင် နေထိုင်သည့် ပါလက်စတိုင်းများကို ခန်းယူနစ်မြို့ရှိ တောင်ဘက် အယ် မာဝါစီ (Al-Mawasi) မြို့နယ်ရှိ ဒုက္ခသည်များ နေထိုင်သည့် နေရာသို့ သွားရောက်ကြရန် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)က သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒီအခွင့်အရေးကို အရယူပြီး ပါလက်စတိုင်း ဒေသခံတွေ အနေနဲ့ အယ်မာဝါစီဇုန်ကို စောစောစီးစီး ရွှေ့ပြောင်း ကြပါ။ အဲဒီမှာ ရှိနေတဲ့လူတွေနဲ့ ပူးပေါင်းနေထိုင်ကြပါ”ဟု IDF ပြောရေးဆိုခွင့်ရှိသူ အဗီချေး အက်ဒရာအီ (Avichay Adraee) က ပြောကြားခဲ့သည်။
ဗုံးကြဲခံရမှုကြောင့် ပျက်စီးနေတဲ့ ဂါဇာဒေသကို တွေ့ရစဉ်
ထိုဇုန်တွင် ယာယီဆေးရုံများ၊ ရေပိုက်လိုင်းများ၊ ရေသန့်စက်ရုံများ၊ အစားအစာနှင့် ဆေးဝါးများရှိကြောင်း IDF က ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ၏ အခြေခံ အဆောက်အအုံများသည် အစ္စရေးစစ်တပ်၏ ၂ နှစ်နီးပါးကြာ စစ်ဆင်ရေးများ ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေပြီး ဂါဇာဒေသတွင်း ဆိုးရွားသည့် အငတ်ဘေးကို ကြုံနေရကြောင်း ကုလသမဂ္ဂက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟု (Benjamin Netanyahu) က ဂါဇာစီးတီးမြို့ကို သိမ်းပိုက်ရန် စစ်တပ်သို့ အမိန့်ပေးခဲ့ပြီးနောက် အစ္စရေးက စစ်ဆင်ရေးများအား အရှိန်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။
ဂါဇာစီးတီးမြို့သည် ဟားမာ့စ်အဖွဲ့၏ ခြေကုပ်စခန်း တစ်ခုဖြစ်ပြီး ပါလက်စတိုင်း စစ်သွေးကြွများကို ချေမှုန်းရန် အတွက် ထိုမြို့ကို သိမ်းပိုက်ရန် မဖြစ်မနေ လိုအပ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့၏ စတင်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သည့် ဂါဇာစစ်ပွဲ အတွင်း အစ္စရေး၏ စစ်ဆင်ရေးများကြောင့် ဂါဇာဒေသခံ ၆၅,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: DW