CNI International News

တိုရွန်တို၊ ဩဂုတ် ၁

ကနေဒါနိုင်ငံသည် စက်တင်ဘာလတွင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဟု ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး (Mark Carney)က ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုကြေညာချက်သည် ဂါဇာအပေါ်ထားရှိသည့် အစ္စရေး၏ မူဝါဒများကို ဆန့်ကျင်သော ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲ တစ်ခု၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။

ကာနေးသည် အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် ပါလက်စတိုင်း နယ်နိမိတ်နှင့်ပတ်သက်ပြီး ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

သူသည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဟု ဇူလိုင် ၂၉ ရက်က ကြေညာခဲ့သည့် ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) နှင့် တွေ့ဆုံခဲ့ပြီးနောက် အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ယူကာ ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးသည် လက်မခံနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာကြောင်း ကမ္ဘာ့ခေါင်းဆောင်များက အလေးထား ပြောဆိုလာကြသည်။

“ကနေဒါနိုင်ငံဟာ စက်တင်ဘာလမှာ ပြုလုပ်မယ့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ရည်ရွယ်ထားပါတယ်” ဟု ကာနေးက ပြောကြားခဲ့သည်။

 အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron)က စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဟု ကြေညာခဲ့ သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ၏ အစိုးရအဖွဲ့ကမူ အမျိုးသားရေးနှင့် လုံခြုံရေး အခြေအနေများကြောင့် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေး မူဝါဒကို ငြင်းပယ်ထား သည်။

လက်ရှိတွင် ဥရောပနိုင်ငံ အချို့ အပါအဝင် နိုင်ငံပေါင်း ၁၄၀ ကျော်က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားသည်။

Source: အေပီ