CNI International News

ဆစ်ဒနီ၊ ဩဂုတ် ၁

ဩစတြေးလျလွှတ်တော်က ကျောင်းသားချေးငွေများအနက် ကြွေးမြီ ၂၀ ရာခိုင်နှုန်း လျှော့ချသည့် ဥပဒေသစ်ကို ဇူလိုင် ၃၁ ရက်က အတည်ပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုဥပဒေသည် လူပေါင်း ၃ သန်း၏ ကြွေးမြီ ဒေါ်လာ ၁၀ ဒသမ ၃၁ ဘီလျံကို ဖယ်ရှားနိုင်လိမ့်မည် ဖြစ်သည်။

အဆိုပါ ဥပဒေသည် မေလက ပြန်လည်ရွေးကောက်ခံခဲ့ရသည့် ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ (Anthony Albanese) ဦးဆောင်သော လေဘာပါတီ၏ မဲဆွယ် ကတိဝတ်တစ်ခု ဖြစ်သည်။

“ကျနော်တို့ အရင်ဆုံး ကျောင်းသားတွေတင်နေတဲ့ အကြွေးတွေကို လျှော့ချပစ်ဖို့ ကတိပေးခဲ့ပါတယ်။ အဲဒီ ကတိအတိုင်း အကောင်အထည် ဖော်လိုက်တာ ဖြစ်ပါတယ်။ ပညာရေးကြောင့် ကြွေးမြီတွေ အများကြီး တင်နေ တာမျိုး မဖြစ်သင့်ပါဘူး”ဟု အန်သိုနီက ပြောကြားခဲ့သည်။

ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီကို တွေ့ရစဉ်

ထိုဥပဒေသစ်သည် လူငယ်များအပေါ် ကျရောက်နေသည့် ဖိအားများကို လျော့ပါးစေလိမ့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဂျေဆန် ကလဲရ် (Jason Clare) က ပြောကြားခဲ့သည်။

လူငယ်အများစုသည် ထိုဥပဒေ ထုတ်ပြန်မည်ဆိုသည့် ကတိကြောင့် လေဘာပါတီကို မဲပေးခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် မိမိတို့၏ ကတိစကားကို တည်အောင် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မေလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခဲ့သူ ၁၈ သန်းအနက် ၄၃ ရာခိုင်နှုန်းမှာ ၁၉၈၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်ကြား မွေးသည့် Generation Y များနှင့် ၁၉၉၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်ကြား မွေးသည့် Generation Z မျိုးဆက် လူငယ်များဖြစ်သည်။

လေဘာပါတီသည် မျိုးဆက်သစ် လူငယ်များ၏ အရွေ့ကို အာရုံစိုက်ပြီး ပါတီ၏ မူဝါဒများအား ထိန်းညှိကာ ချဉ်းကပ် လုပ်ဆောင်လျက်ရှိသည်။

ကျောင်းသားများ၏ ကြွေးမြီများကို လျှော့ချခြင်းသည် မတူညီသည့် မျိုးဆက်များကြား မမျှတမှုကို လျှော့ချရန်နှင့် ကျောင်းသားများ၏ စားဝတ်နေရေး ကုန်ကျစရိတ် မြင့်တက်နေခြင်းအား လျှော့ချရာတွင် အထောက်အကူပေးရာ ရောက်ကြောင်း လေဘာပါတီက ပြောကြားခဲ့သည်။

ကြွေးမြီ ၂၀ ရာခိုင်နှုန်း လျှော့ချပေးခြင်းသည် ကျောင်းသားများအတွက် စုစုပေါင်း ဒေါ်လာ ၁၀ ဒသမ ၃၁ ဘီလျံကို သက်သာစေလိမ့်မည်ဟု အစိုးရအဖွဲ့က ရှင်းပြခဲ့သည်။

ဥပမာအားဖြင့် ကျောင်းသားချေးငွေအဖြစ် အကြွေး ၁၇,၀၀၀ ကျော် ပြန်လည်ပေးဆပ်ရမည့် ကျောင်းသား တစ်ဦးသည် ကြွေးမြီ ၂၀ ရာခိုင်နှုန်း လျော့ချသည့် ဥပဒေကြောင့် ဒေါ်လာ ၃၅၀၀ ကျော် ကင်းလွတ်ခွင့်ရသွားပြီး ဒေါ်လာ ၁၃,၅၀၀ သာ ပြန်လည်ပေးဆပ်ရတော့မည်ဖြစ်သည်။

Source: ရိုက်တာ