CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၃

ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲတွင် ယူကရိန်းကို ငွေကြေးအရ ဆက်လက်ထောက်ပံ့မည်ဟု အမေရိကန်သမ္မတ ဂျိးဘိုင်ဒန် (Joe Biden) က ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲအတွက် အမေရိကန်၏ ထောက်ပံ့မှုသည် အချိန် အများကြီး မရှိတော့ကြောင်း လွှတ်တော်ကို သတိပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

"ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကို ဘယ်နည်းနဲ့မဆို ရပ်တန့်ခွင့်ပေးလို့ မရနိုင်ပါဘူး" ဟု ဘိုင်ဒန်က အိမ်ဖြူတော်ရှိ ရုစဗဲ့လ် ခန်းမ (Roosevelt Room)တွင် ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်တွင် ကာလတို ဘတ်ဂျက် သဘောတူညီမှု ရရှိခဲ့သဖြင့် အစိုးရယန္တရား ရပ်တန့်မည့် အခြေအနေနှင့် ရှောင်လွှဲနိုင်ခဲ့ပြီးနောက် ဘိုင်ဒန်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုသဘောတူညီချက်ထဲတွင် ယူကရိန်းအား ထောက်ပံ့မှု အစီအစဉ်များ မပါဝင်ခဲ့ပေ။

ဘိုင်ဒန်ကို တွေ့ရစဉ်

"ကျနော်တို့မှာ အချိန်တွေရှိပါတယ်။ ဒါပေမယ့် အချိန်အများကြီးတော့ မဟုတ်ပါဘူး။ အလောတကြီး လုပ်ဆောင် ရမယ့် အခြေအနေ ဖြစ်ပါတယ်"ဟု ဘိုင်ဒန်က ပြောကြားခဲ့ပြီး ယူကရိန်းအား အကူအညီများ ဆက်ပေးရန် လွှတ်တော်ကို တိုက်တွန်းခဲ့သည်။

"ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလင်ကန်၊ အထက်နဲ့ အောက်လွှတ်တော်က လူများစုဟာ ယူကရိန်းကို ကူညီပေးဖို့ ထောက်ခံနေကြပါတယ်။ ကစားနေတာတွေကို ရပ်လိုက်ပါတော့။ လုပ်စရာရှိတာ လုပ်ကြတာပေါ့"ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲသည် နှောင့်နှေးကြန့်ကြာနေသဖြင့် လွှတ်တော်တွင် ယူကရိန်းအား ထောက်ပံ့ပေးရန်အတွက် အတည်ပြု ထောက်ခံချက်ရရှိရန် ပိုမိုခက်ခဲလာလိမ့်မည်ဟု လွှတ်တော်အမတ်အများစုက ဝန်ခံခဲ့ကြသည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ပ် ဘော်ရဲလ်ကို တွေ့ရစဉ်

ယူကရိန်းအား ကူညီထောက်ပံ့ရေးကို ရီပတ်ဘလင်ကန်များက ငြင်းပယ်နေမှုသည် ပိုမိုအရှိန်ကောင်းလာခဲ့ပြီး ဒီမိုကရက်တစ်ဦးဖြစ်သူ အထက်လွှတ်တော် လူများစုခေါင်းဆောင် ချက်ရှူမာ (Chuck Schumer) သည် ယူကရိန်းအား ထောက်ပံရေးအတွက် ဥပဒေပြဋ္ဌာန်းရေးလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။

"ယူကရိန်းအတွက် လိုအပ်နေတဲ့ လက်နက်တွေကို သေသေချာချာ ထောက်ပံ့ပေးဖို့ ကျနော်ထောက်ခံပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ဦးစားပေးကိစ္စကတော့ အမေရိကန်-မက္ကဆီကို နယ်စပ်ရဲ့ လုံခြုံရေးဖြစ်ပါတယ်" ဟု ရှူမာက ပြောကြားခဲ့သည်။

လက်ရှိတွင် ဘိုင်ဒန်သည် အမေရိကန်၏ မဟာမိတ်များကို ယူကရိန်းအား ငွေကြေးများ ပိုမိုထောက်ပံ့ပေးစေရန် တွန်းအားပေး လုပ်ဆောင်နေပြီး ဥရောပသမဂ္ဂကလည်း ယူကရိန်းကို ငွေကြေးထောက်ပံ့ရေးအတွက် ဆွေးနွေး မှုများ ပြုလုပ်နေသည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ပ် ဘော်ရဲလ် (Josep Borrell) က ပြောကြားခဲ့သည်။

Source: အေပီ