CNI International News

ကိယက်ဗ်၊ ဒီဇင်ဘာ ၁၂ 

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) သည် ဒီဇင်ဘာ ၁၂ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီသို့ သွားရောက်ပြီး အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် တွေ့ဆုံမည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဇာလန်းစကီးသည် ဘိုင်ဒန်အပြင် လွှတ်တော်တွင် ထိပ်သီးအရာရှိများနှင့် တွေ့ဆုံမည်ဖြစ်သည်။ 

အမေရိကန်၏ လက်ယာယိမ်း ရီပတ်ဘလစ်ကန် အမတ်များက ရုရှား၏ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်းအား ငွေကြေးအကူအညီပေးမည့် ဘိုင်ဒန်အစိုးရအဖွဲ့၏ အစီအစဉ်အား ဆန့်ကျင်ကန့်ကွက်လျက်ရှိ သည်။

အိမ်ဖြူတော်၏ ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ချက်တွင် ယူကရိန်း၏ ကာကွယ်ရေးကဏ္ဍနှင့် လိုအပ်နေသည့် အရာများအတွက် အမေရိကန်၏ ကူညီထောက်ပံ့မှုသည် အရေးကြီးကြောင်း၊ ဆွေးနွေးမှုများပြုလုပ်ရန် သမ္မတ ဘိုင်ဒန်က ဇာလန်းစကီးအား ဖိတ်ကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယူကရိန်းစစ်သားတွေကိုတွေ့ရစဉ်

ဇာလန်းစကီးသည် ဒီဇင်ဘာ ၁၂ ရက်တွင် အမေရိကန် အထက်လွှတ်တော် အမတ်များနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

ဇာလန်းစကီးသည် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် (Mike Johnson) နှင့်လည်း သီးသန့် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်သွားမည်ဟု ဂျွန်ဆင်၏ လက်ထောက်တစ်ဦးက ပြောသည်။ 

ဂျွန်ဆင်သည် ယူကရိန်းအား အကူအညီပေးရေး အစီအစဉ်ကို အမေရိကန်တောင်ပိုင်း နယ်စပ်ဒေသရှိ လူဝင်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သူတစ်ဦး ဖြစ်သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဘိုင်ဒန်သည် ယူကရိန်းနှင့် အစ္စရေးအတွက် အများဆုံးလျာထားသည့် ဒေါ်လာ ၁၀၆ ဘီလျံ တန်ကြေးရှိ စစ်ရေး အကူအညီ အထောက်အပံ့နှင့်ပတ်သက်ပြီး လွှတ်တော်၏ ထောက်ခံမှုရရှိရန် ကြိုးပမ်းနေ ချိန်တွင် ဇာလန်းစကီးနှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမည့် အစည်းအဝေးများ ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းသမ္မတရုံးကလည်း ဇာလန်းစကီးသည် ဘိုင်ဒန်နှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားကြောင်း အတည်ပြုခဲ့ပြီး အမေရိကန်နှင့် ယူကရိန်းအကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရေး အပါအဝင် အဓိက အကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား