CNI International News
မော်စကို၊ မတ်လ ၁၅
ယူကရိန်းပဋိပက္ခတွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်၏ အဆိုပြုချက်ကို မူအရ သဘောတူကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
သို့သော် ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲတွင် သတ်မှတ်ထားသည့် ဖော်ပြချက်များကို အပြီးသတ် လုပ်ဆောင်ရခြင်း မရှိသေးပေ။
ထို့ကြောင့် မည်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မဆို ရေရှည်တည်မြဲသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သော လမ်းတစ်ခု ဖြစ်သင့်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။
“အိုင်ဒီယာအရတော့ မှန်ပါတယ်။ အဲဒါကို ကျနော်တို့ သေချာပေါက် ထောက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့တွေ ဆွေးနွေးရမယ့် ကိစ္စတွေ ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖက်တွေနဲ့ ဆွေးနွေးဖို့လိုတယ်လို့ ကျနော် ထင်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နဲ့လည်း ဖုန်းဆက်ပြီး ဆွေးနွေးဖို့လိုပါတယ်”ဟု ပူတင်က မော်စကိုမြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်း ရှေ့တန်းတစ်နေရာမှာ စစ်သားတစ်ဦးကိုတွေ့ရစဉ်
ယူကရိန်းဘက်က လက်ခံထားသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အတွက် ရုရှားနှင့်ဆွေးနွေးရန် မော်စကို သို့ ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) ရောက်ရှိလာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပူတင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ထရမ့်ကမူ ရုရှားဘက်မှ ကောင်းမွန်သည့် အချက်ပြမှုများ ရှိခဲ့ကြောင်းနှင့် ပူတင်၏ ပြောကြား ချက်ကို အကောင်းမြင်သည့်ဘက်မှ ရှုမြင်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သူသည် ပူတင်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်းနှင့် လက်ရှိအချိန်သည် စစ်ပွဲကို အဆုံးသတ်ရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ထရမ့်က ထပ်မံပြောဆိုခဲ့သည်။
ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်
“ပူတင်ကတော့ အလားအလာကောင်းတဲ့ စကားတွေကို ပြောသွားတာပါ။ ဒါပေမယ့် မပြည့်စုံသေးပါဘူး။ အခု ဆိုရင် ရုရှားဘက်က သဘောတူ၊ မတူဆိုတာကို ကြည့်ရတော့မယ်။ သူတို့ဘက်က သဘောမတူဘူးဆိုရင်တော့ ကမ္ဘာကြီးအတွက် အရမ်းစိတ်ပျက်စရာကောင်းမယ့် အခိုက်အတန့်တစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု ထရမ့်က မတ်လ ၁၃ ရက်တွင် အိမ်ဖြူတော်၌ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရူတီ (Mark Rutte) နှင့်ပြုလုပ်သည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ကမူ ပူတင်သည် ထိုအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
“ပူတင်က စစ်ပွဲကို ဆက်လက် ဆင်နွှဲချင်တယ်လို့ သမ္မတ ထရမ့်ကို မပြောရဲပါဘူး။ သူက ယူကရိန်းနိုင်ငံသား တွေကို သတ်ချင်နေတာပါ။ အဲဒါကြောင့်ပဲ သူတို့တွေက အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ယတိပြတ် မဆုံးဖြတ်နိုင်သေးတာပါ” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
Source: အေပီ