CNI International News
ဝါရှင်တန်၊ ဇွန်လ ၆
ရုရှား၏ လေတပ်စခန်းများကို တိုက်ခိုက်ခဲ့သည့် ယူကရိန်းအား ရုရှားသမ္မတ ပူတင်က လက်စားချေလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် ဇွန်လ ၄ ရက်က ဖုန်းဆက်သွယ် ပြောဆိုမှုအတွင်း ယူကရိန်းစစ်ပွဲအကြောင်းနှင့် မကြာသေးမီက ရုရှား၏ လေတပ်စခန်း များကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဖုန်းဆက်သွယ် ပြောဆိုချိန်အတွင်း ပူတင်က ရုရှား၏ ဗုံးကြဲလေယာဉ်များကို ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့သည့် ယူကရိန်းအား လက်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ကြောင်း ထရမ့်က Truth Social လူမှုမီဒီယာတွင် ပို့စ်တင်ခဲ့သည်။
ထိုအချိန်အတောအတွင်း ဂျာမနီက ယူကရိန်း၏ လေကြောင်းကာကွယ်ရေးကို ခိုင်မာစေရန်အတွက် နိုင်ငံတကာ စင်မြင့်ထက်တွင် အစီအစဉ်သစ်တစ်ခု ဖော်ဆောင်နေသည်။
ယူကရိန်းစစ်ပွဲ ရှေ့တန်းတစ်နေရာကို တွေ့ရစဉ်
Immediate Action on Air Defense အမည်ရှိ ထိုအစီအစဉ်တွင် နိုင်ငံပေါင်းစုံ ပါဝင်လိမ့်မည်ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ် (Boris Pistorius) က ဘရပ်ဆဲလ် (Brussels) မြို့၌ ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ကလည်း တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် ပြုလုပ်သည့် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲ၌ ရုရှားက ယူကရိန်းကို ရာဇသံပေးခဲ့သည်ဟု ပြောကြားခဲ့ သည်။
သို့သော် ဇာလန်းစကီးက သူသည် ပူတင်၊ ထရမ့်တို့နှင့် တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ရန် အချိန်မရွေး အသင့် ရှိနေကြောင်း ပြောကြားခဲ့သည်။
Source: DW