CNI International News

ဘန်ကောက်၊ ဇွန်လ ၆

ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသည့် နယ်စပ်ဒေသအငြင်းပွားမှုကို ဖြေရှင်းရန် စစ်တပ်ကို လုပ်ပိုင်ခွင့်ပေးပြီး အမျိုးသားလုံခြုံရေးကောင်စီ(NSC)ကို ဦးဆောင်ဖြေရှင်းခွင့်ပြုရန် ထိုင်းအမျိုးသားရေးဝါဒီများက ကာကွယ်ရေး ဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်းကို ဇွန်လ ၅ ရက်က တိုက်တွန်းခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုင်းအမျိုးသားရေးဝါဒီများက ဖွမ်သမ်သည် ကမ္ဘောဒီးယား အာဏာရမိသားစု၏ သြဇာလွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားနိုင်သည့် အခြေအနေကို စိုးရိမ်ကြောင်းလည်း ဖော်ပြခဲ့ကြသည်။

ထိုင်းပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကျောင်းသားများနှင့် ပြည်သူ့ကွန်ရက်(STR) က ကာကွယ်ရေးဝန်ကြီးဌာန ရှေ့တွင် စုရုံးဆန္ဒပြခဲ့ကြပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသ၌ တင်းမာမှုများဖြေရှင်းရာမှာ  အမျိုးသား လုံခြုံရေးကောင်စီအား တာဝန်ပေးရန် ဖွမ်သမ်ကို တောင်းဆိုခဲ့ကြသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) နှင့် လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) ၏ ဖခင်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) တို့ကြား ရင်းနှီးသည့် ဆက်ဆံရေး ကြောင့် ဖွမ်သမ်သည် တွန့်ဆုတ်နေပုံရပြီး နိုင်ငံ့အကျိုးစီးပွားအတွက် ဆုံးဖြတ်ချက်များချရန် မပြတ်မသား ဖြစ်နေပုံပေါ်ကြောင်း အမျိုးသားရေးဝါဒီများက ယူဆထားကြသည်။

ထိုင်းစစ်တပ်အရာရှိတွေနဲ့ အမျိုးသားရေးဝါဒီကို တွေ့ရစဉ်

ကမ္ဘောဒီးယားအစိုးရက နယ်စပ်ဒေသတွင် နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာချက်များကို ဆက်လက် ပြောဆိုနေ ချိန်၌  ထိုင်းအစိုးရသည် နယ်စပ်ဒေသ အငြင်းပွားမှုနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေကြောင်း STR ခေါင်းဆောင် ပီချစ် ချိုင်မွန်ကူလ် (Pichit Chaimongkol) က ဝေဖန်ခဲ့သည်။

ထိုင်းအစိုးရ၏ တုံ့ပြန်ဆောင်ရွက်ပုံ အားနည်းမှုသည် ကမ္ဘောဒီးယားနိုင်ငံအတွက် နိုင်ငံရေးအရ အသာစီးရစေခဲ့ ကြောင်း ပီချစ်က ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုင်းစစ်တပ်၏ အင်အားနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်နိုင်စွမ်းများကို ပြသသင့်ကြောင်း၊ ထိုအရေးကိစ္စကို ဖြေရှင်းရန် ထိုင်းစစ်တပ်ကလည်း အဆိုပြုခဲ့ကြောင်း ပီချစ်က ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်သည် ကမ္ဘောဒီယားနှင့်ထိစပ်နေသည့် နယ်စပ်ဒေသကို ပိတ်ရန် အဆိုပြုခဲ့သော်လည်း အစိုးရအဖွဲ့က ငြင်းဆိုခဲ့ပြီး စစ်တပ်၏ အခြားအဆိုပြုချက်များလည်း ငြင်းပယ်ခံခဲ့ရဖွယ်ရှိကြောင်း ပီချစ်က ပြောကြားခဲ့သည်။

STR ဦးဆောင်သည့် ဆန္ဒပြသူများသည် ကာကွယ်ရေးဝန်ကြီးဌာန၏ အရာရှိများမှတဆင့် ဖွမ်သမ်ထံ အသနားခံစာ တင်သွင်းခဲ့ပြီးနောက် ထိုင်းတော်ဝင်စစ်တပ်၏ ဌာနချုပ်သို့သွားကာ နယ်စပ်ဒေသအရေးကို စစ်တပ်က တာဝန်ယူလုပ်ဆောင်ရန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပါန ကလွတ်လိုသွပ် (Pana Klaewplodthuk) ကို တောင်းဆိုခဲ့သည်။

Source: The Nation