CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၀

ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ပဋိပက္ခအသစ် ဖြစ်နိုင်ခြေသည် ၅၀-၅၀ ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားကို မယုံကြည်နိုင်ကြောင်း ထိုင်းစစ်တပ်၏ အမှတ် ၂ စစ်ဒေသတပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင် ပက်ကလန် (Boonsin Padklang) က သတိပေးခဲ့သည်ဟု The Nation မှဖော်ပြခဲ့သည်။

ဘွန်ဆင်သည် ပြီးခဲ့သည့်လက ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသ တိုက်ပွဲများအတွင်း ဒဏ်ရာရခဲ့သည့် စစ်သားများ ကို ကူညီထောက်ပံ့ပေးသော အခမ်းအနားတစ်ခုကို သဘာပတိအဖြစ် တက်ရောက်ချိန်တွင် ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

“လက်ရှိ အချိန်ထိတော့ တိုက်ပွဲဖြစ်နိုင်ခြေက ၅၀-၅၀ ရှိနေဆဲဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်တွေမှာလည်း သင်တွေ့ရမှာပါ။ ကျနော်တို့ သိရတဲ့အတိုင်း ကမ္ဘောဒီးယားကို ယုံလို့မရပါဘူး”ဟု ဘွန်ဆန်က ပြောသည်။

လက်ရှိ နယ်စပ်ဒေသတွင် တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် ထိုင်းတော်ဝင်ကြည်းတပ် တပ်မှူး ဗိုလ်ချုပ်ကြီး ဆောင်ဝစ် နွန်ပက်ခ်ဒီး (Songwit Noonpakdee) နှင့် ထိုင်းတော်ဝင်တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါန ကလောပ်လွတ်သွတ် (Pana Klaewplodthuk) သည် နယ်စပ်ဒေသ၏ ရှေ့တန်းနေရာ များရှိ စစ်သားများထံသို့ ပုံမှန်သွားရောက် ကြည့်ရှုနေသည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် အပြည့်အဝ ပြင်ဆင်ထားပြီး ရန်စခံရ မည်ဆိုပါက နောက်ထံ ပဋိပက္ခအတွက်လည်း အသင့်ပြင်ထားကြောင်း ဘွန်ဆင်က ပြောသည်။

ထိုင်းနဲ့ကမ္ဘောဒီးယား စစ်သားတွေ လက်ဆွဲနှုတ်ဆက်နေကြစဉ် 

ဒဏ်ရာရ စစ်သားများကို ဂုဏ်ပြုသည့် အခမ်းအနားကို အမျိုးသား ကာကွယ်ရေး ကောလိပ်တွင် ပြုလုပ်ခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက ရှေ့တန်းတွင် အသုံးပြုရန်အတွက်  လိုအပ်သည့် ပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။

ဘွန်ဆင်က အလှူရှင်များကို ကျေးဇူးတင်ကြောင်း၊ ကမ္ဘောဒီးယားနှင့် ကီလိုမီတာ ၁၀၀၀ ထိစပ်နေသည့် နယ်စပ်ကို ကာကွယ်ရာတွင် ထိုင်းနိုင်ငံသားများနှင့် စစ်တပ်ကြား စည်းလုံးညီညွတ်မှုရှိခြင်းကို ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

နယ်ပစ်ဒေသ တင်းမာမှုကို လျှင်မြန်စွာ ဖြေရှင်းရန် လုပ်ဆောင်သွားမည်ဟု ဘွန်ဆင်က ကတိပြုခဲ့ပြီး သူသည် ယခုလကုန်ပိုင်းတွင် ဒေသဆိုင်ရာ နယ်စပ်ရေးရာကော်မတီ အစည်းအဝေးကို တက်ရောက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ပြင် ကမ္ဘောဒီးယားသည် မယုံကြည်ရသည့် အကြောင်းကို ယာယီဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) အား ယခင်ကတည်းက သတိပေးခဲ့ဖူးကြောင်း ဘွန်ဆင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

Source: The Nation