CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းက စစ်ပွဲဇုန်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က စာသင်ကျောင်း ဖွင့်လှစ်၍ ဆောင်ရွက်ပေးနေကြောင်း ဒေသခံများက ပြောသည်။

ဗန်းမောက်မြို့နယ်တောင်ပိုင်းရှိ လယ်နက်ကြီးရွာ၊ ပေကုန်းရွာ၊ နားယောရွာသည် စစ်ပွဲဇုန်အတွင်း ကျရောက် နေခြင်းကြောင့် စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သည်မှာ ၃ နှစ် ကြာခဲ့ပြီဖြစ်သည်။

ထို့နောက် ဗန်းမောက်မြို့နယ်ရှိ SNA တပ်မဟာ ၆၁၄ က ဗန်းမောက်မြို့၊ လွှစင်ကုန်းရပ်ကွက်တွင် စာသင်ကျောင်း ဖွင့်ပေးခဲ့ပြီး စာရေးကိရိယာများလည်း ပေးအပ်ခဲ့သည်။ 

ဒေသခံတစ်ဦးက “ သူတို့က ရွာမှာလည်း ဖွင့်လို့မရဆိုတော့ အချိန်မရွေး စစ်ပွဲဖြစ်လာနိုင်တော့ ဒီမှာပဲ လွှစင်ကုန်း ရပ်ကွက်မှာ နှစ်ပိုင်းခွဲပြီး သင်နေရတဲ့ သဘောပေါ့။ မနက်ပိုင်း ၁၂ နာရီအထိကတစ်ဖွဲ့ ၁၂ နာရီကနေ့ ၃ နာရီခွဲထိ ကတစ်ဖွဲ့ အဲလိုသင်နေရတယ်၊ တကယ်စိတ်မကောင်းဘူး။ ဒါကြောင့် လိုအပ်တဲ့ ဗလာစာအုပ် ခဲတံခဲဖျက်နဲ့ နေ့လယ် အဟာရလေး ကြွေးခဲ့ပါတယ်”ဟု ပြောသည်။ 

လက်ရှိတွင် ဗန်းမောက်မြို့၊ လွှစင်ကုန်းရပ်ကွက်မှာ ဖွင့်လှစ်ထားသော စာသင်ကျောင်း၌ လယ်နက်ကြီးရွာ၊ ပေကုန်းရွာ၊ နားယောရွာ စသည့် ကျေးရွာ ၃ ရွာပေါင်း တိုက်ပွဲရှောင် ကျောင်းသား/သူ စုစုပေါင်း ၂၀၆ ဦး ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။ 

ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်သော ဗန်းမောက်မြို့နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ပူးပေါင်း၍ မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ကြောင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။