CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂

ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်း အများအပြား ပျက်စီးခဲ့ရသော် လည်း ကျောင်းသားများ အမိုးအကာမရှိဘဲ ကျောင်းတက်နေရခြင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ်ကောင်စီက CNI  သတင်းဌာနသို့ ပြောသည်။

တစ်နိုင်လုံးရှိ စာသင်ကျောင်းများကို ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ပြန်ဖွင့်ပေးခဲ့ပြီး ရခိုင်ပြည်နယ်တွင် ပျက်စီးသွားသည့် ကျောင်းအဆောက်အအုံများကို ပြည်နယ်အစိုးရက ပြန်လည်ပြုပြင်ပေးနေသည့်အတွက် အမိုးအကာမရှိဘဲ ကျောင်းတက် နေရခြင်းမှာ အမှန်မဟုတ်ဟု ရခိုင်ပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ဦးလှသိန်းက "ထီးတွေဆောင်းပြီးကျောင်းမှာစာသင်တာ တကယ့်ဖြစ်ရပ်မဟုတ်ဘူး။ ရခိုင်ပြည်နယ်ထဲက အနေအထားတွေက အမျိုးမျိုးရှိတယ်။ ကျောင်းတွေကတော့ ပျက်စီးတာတော့ပျက်စီးတယ်။ပျက်တဲ့ထဲမှာ ဓာတ်ပုံတွေသွားရိုက်ကြတယ်။ ရိုက်ပြီးတော့ ပေါက်ကရဖြန့်နေကြတာ တစ်ပုံကြီး။ အဲဒါတွေက လုပ်ကြံတဲ့သတင်းတွေလေ။ ဘယ်ပညာရေးဌာနက အဲ့လိုကျောင်းထဲမှာ ထီးဆောင်းပြီး စာသင်ခိုင်းမလဲ" ဟု ပြောသည်။

ပြည်နယ်အစိုးရဘက်က စာသင်ကျောင်းများအား ပြုပြင်ပေးနေကြောင်း ပြောထားသောလည်း အချို့သော မြို့နယ်ကျေးရွာ အများစုရှိ ‌စာသင်ကျောင်းများမှာ ပြန်လည်မပြုပြင်ရသေးသောကြောင့် သားသမီးပညာရေးအတွက် ထိခိုက်နစ်နာမှုများရှိကြောင်း ကျောင်းသားမိဘများက CNI  သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအဆောက်အအုံတစ်ခုကို တွေ့ရစဉ်

ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ရှောင်စခန်းမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ မအေးခိုင်က "ကျောင်းတွေက အကုန်လုံးပျက်စီးသွားတာ။ မပြုပြင်ရသေးဘူး။ ကလေးတွေ ကျောင်းတွေလည်း ကျောင်းမတက်ရသေးဘူး။ စားဝတ်နေရေး လည်းအဆင်‌မပြေဘူး။ ကျောင်းဝတ်စုံတွေ စာအုပ်တွေလည်း ထောက်ပံ့တာမျိုးမရှိသေးဘူး။ ငွေကြေးလည်း အဆင်မပြေတော့ သားသမီးငါးယောက်ရှိရင် နှစ်ယောက်ပဲ ပညာသင်ပေးနိုင်တယ်။ ကလေးတွေကို ကျောင်းထားမယ့်ကိစ္စကို မိဘတစ်ယောက်အနေနဲ့ စိတ်ပူမိတယ်။ ပညာရေးစရိတ်တွေကလည်း စျေးကြီးတော့ ကျောင်းတောင်မထားချင်တဲ့စိတ် ဖြစ်မိတယ်” ဟု ပြောသည်။

၎င်းအပြင် ခေါင်မိုးမလုံသည့် ကျောင်းဆောင်အောက်တွင် ပညာသင်နေကြရသောကြောင့် ကလေးများအတွက် ကျန်းမာရေး ထိခိုက်နိုင်ကြောင်း ရသေ့တောင်မြို့နယ် ကျောက်တန်းချေကျေးရွာမှ မမချေက ‌ပြောသည်။

"ခေါင်မိုးလန်သွားတဲ့ စာသင်ကျောင်းတွေမှာ တာလပတ်ချာနဲ့သင်တာမျိုးရှိတယ်။ မိုးရွာရင် မိုးမလုံတော့ ကလေးတွေ နေမကောင်းဖြစ်နိုင်တယ်။ စာသင်ချိန်ကိုလည်း အချိန်ပြည့်မသင်ရဘူး။ နှစ်ချိန်ခွဲသင်ရတာပေါ့နော်" ဟု သူက ပြောသည်။

ရခိုင်မှာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၁၅၃၈ ကျောင်းပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ပြီးသည့် ကျောင်း ၃၇၅ ကျောင်း၊ ပြုပြင်နေဆဲကျောင်း ၉၉၀ ကျောင်းနှင့် မပြင်ရသေးသည့်ကျောင်း ၁၇၃ ကျောင်းရှိနေသေးကြောင်း ပြည်နယ်ကောင်စီ က ပြောသည်။