CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းမှာ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က စက်တင်ဘာ ၃၀ ရက်နေ့တွင် ကာကွယ်ဆေးများ ထိုးပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

SNA သည် ဗန်းမောက်မြို့နယ် မံလောင်ပေပင်အုပ်စုမှ ၆ ရွာနှင့် မံအင်မင်းကုန်းအုပ်စုမှ ၇ ရွာ စုစုပေါင်း အိမ်ခြေ ၁၀၀၀ ကျော်မှ အသက် ၁ နှစ်မှ  ၅ နှစ်အတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ကာကွယ်ဆေး များ ထိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 

SNA မှ ဆေးမှူးနှင့်အဖွဲ့က ဗန်းမောက်မြို့နယ် ဆရာဝန်နှင့်အဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဆုံဆို၊ ကြက်ညာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးပေးလျက်ရှိသည်။

 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ဗန်းမောက်မြို့နယ်အတွင်းမှာ SNA က ကာကွယ်ဆေးထိုးပေးနေစဉ်

ထို့အပြင် ပြင်းထန်အဆုတ်ရောင်(pcp)၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ရောဂါ ကာကွယ်ဆေးများလည်း ထိုးပေးနေကြောင်း ဒေသခံများက ပြောသည်။

SNA သည် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် အသက် ၁ နှစ်မှ ၅ နှစ်အတွင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ကာကွယ်ဆေးများ ထိုးပေးခဲ့ရာ ယနေ့ (စက်တင်ဘာ ၃၀ ရက်)တွင် ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

SNA တပ်ဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ တမူး-အောင်ဇေယျာ ဒေသ၊ ခန္တီးမြို့နယ်၊ ရွှေပြည်အေးမြို့နယ် အပါအဝင် မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးများ ဆောင်ရွက်နေသလို ဒေသတွင်းနေ ပြည်သူများကို ကျန်းမာကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။