CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အိမ်သုံးဆေးဝါးပြတ်လပ်နေပြီး တချို့သော ဆေးဝါးများသည် ဈေးနှုန်း အဆမတန် မြင့်တက်သွားသည်ဟု ပူတာအို ဒေသခံများထံမှ သိရသည်။
ပူတာအိုမြို့နယ်တွင် မကြာခဏ ဆေးဝါး ပြတ်လပ်မှုနှင့် ကြုံတွေ့လေ့ရှိပြီး ပြီးခဲ့သည့် ဩဂုတ်လမှစတင်၍ ဆေးဝါး တင်သွင်းခြင်းကို ကန့်သတ်လာသည့်အပြင် လက်ရှိတွင် ဆေးဝါးသယ်ယူပို့ဆောင်သည့် မြစ်ကြီးနား - ပူတာအို လမ်းကြောင်းကို အသုံးပြုရန် မလွယ်ကူခြင်းကြောင့် လေယာဉ်ဖြင့် သယ်ဆောင်ရသည့်အတွက် ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။
ယခင်က ၁၀၀၀ တန်ဆေးသည် လက်ရှိတွင် ၆၀၀၀ ကျပ်အထိ မြင့်တက်နေသည်ဟု ပူတာအို ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဆေးဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်
၎င်းက “တချို့ဟာတွေတော့ အကုန်လုံး ပြတ်တာ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ ဒါပေမယ့် စုံစုံလင်လင် မရတာ။ ဆေးရောင်းတဲ့သူတွေ ပြောတာက အရင်တုန်းက ကားနဲ့ တိုက်ရိုက်၊ ကားလမ်းကောင်းတော့ တိုက်ရိုက် ရောက် လာတယ်။ လွယ်လွယ်ကူကူနဲ့ ရတာပေါ့။ ဆေးကုမ္ပဏီတွေ အကုန်လုံးက ရန်ကုန်မှာပဲ ထိုင်ကြတာ။ အခု နောက်ပိုင်း ကားလမ်းတွေက ပျက်သွားတော့ ကားလမ်းတွေက တိုက်ရိုက်မရတော့ လှမ်းမှာရင် လေကြောင်း ကနေပဲ အဓိက ထားရတော့ တင်ဖို့မလွယ်ဘူး။ ဆေးဆိုရင် အရမ်းကြီး ခက်ခဲတယ်။ ပြီးတော့ တအားကြီး ပိုက်ဆံလည်း ပိုတောင်းတယ်။ အရင်တုန်းက ကျနော်သောက်နေတဲ့ဆေးက ၁၀၀၀/၁၅၀၀ ကနေ အခုဆိုရင် ၆၀၀၀ လောက် ဖြစ်နေပြီ။ နောင်မွန်တို့ ခေါင်လန်ဖူးတို့ဆိုရင် ပိုဆိုးတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်၌ အသုံးပြုနေသည့် ဆေးဝါး၏ ၈၀ ရာခိုင်နှုန်းခန့်ကို လေကြောင်းဖြင့် တင်သွင်းနေရ ကြောင်း၊ ကားလမ်းကြောင်းဖြင့် တင်သည့် ဆေးဝါးသည်လည်း မြစ်ကြီးနားအထိသာ ရောက်ရှိသည့် အခြေအနေ ဖြစ်နေပြီး တခြားမြို့နယ်များသို့ အနည်းငယ်သာ ရောက်ရှိကြောင်း သိရသည်။
ဆေးဝါး ပြတ်လပ်မှုကြောင့် ဆေးခန်းများတွင်လည်း ဆေးကုသမှု ကုန်ကျစရိတ်သည် ယခင်က ၁၀,၀၀၀ ကျပ် ရှိသည့်နေရာသည် လက်ရှိတွင် ၃၀,၀၀၀ ကျပ်ခန့် ပေးဆောင်နေရသည်။
ဆေးဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်
နာတာရှည် ရောဂါဝေဒနာရှင်များ သောက်သုံးသည့် ဥပမာ ဆီးချို၊ သွေးကျဆေး၊ နှလုံးဆေး စသည့် ဆေးများ သည် ဝယ်ယူ၍ ရသော်လည်း ဈေးနှုန်း မြင့်တက်နေသည်ဟု သိရသည်။
လက်ရှိတွင် ဆေးအမျိုးအစား၊ တံဆိပ် အမျိုးမျိုး မရရှိတော့ဘဲ တံဆိပ်ရွေးပြီး ရောင်းချ၍မရသည့် အခြေအနေ ဖြစ်နေသည်ဟု ပူတာအိုမြို့နယ်မှ ဆေးအမျိုးမျိုး ရောင်းချနေသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လမ်းက ဖွင့်ပေမယ့် ဆေးက မဝင်ဘူး ဖြစ်နေတာ။ တရုတ်ဘက်ကနေ ဝင်တဲ့ ဆေးတွေပေါ့၊ တရုတ် ကုမ္ပဏီက ဆေးတွေလည်း ပြတ်တယ်။ မြန်မာဆေးတွေလည်း မန္တလေး - မြစ်ကြီးနားလမ်းပိုင်းက အလွန်ဆုံး ၅ ရက်၊ ပြီးတော့ ဈေးတက်တာကြောင့်မို့လို့ သိပ်မရှိတော့ဘူး အရင်တုန်းကလို။ အရင်တုန်းကလိုမျိုး တံဆိပ် အမျိုးမျိုး တင်လို့မရတော့ဘူး။ ဒီတစ်မျိုးဆို ဒီတစ်မျိုးပဲရှိတာပဲ ရောင်းရတော့တာ။ သောက်တဲ့သူတွေလည်း ရွေးချယ်ခွင့် မရှိတော့ဘူး။ တံဆိပ်ရွေးပြီး သောက်လို့မရတော့ဘူး။ ရှိတဲ့တံဆိပ်ပဲ သောက်ရတော့တာ အကောင်း ဖြစ်ဖြစ်၊ အညံ့ဖြစ်ဖြစ် အဲဒီလိုမျိုးပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်ကို ပြီးခဲ့သည့် ဇွန်လမှစတင်၍ ကုန်းကြောင်းဖြင့် ဆေးဝါး တင်သွင်းခွင့်ကို စစ်ကိုင်းတိုင်းအတွင်းမှ တင်းကြပ်ထားသည့်အတွက် ဆေးဝါးရှားပါးမှု၊ ပြတ်လပ်မှုသည် ပိုမိုဆိုးရွားလာနေခြင်း ဖြစ်သည်။