CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျေးလက် ဆေးပေးခန်းများ ရှိသော်လည်း ကျန်းမာရေးဝန်ထမ်း အလုံအလောက် မရှိခြင်းနှင့် ဆေးဝါးများ အလုံအလောက်မရှိခြင်းကြောင့် ကလေးငယ်များ ဖျားနာပါက ခေါင်ရည်တိုက်ကုနေရသည်ဟု နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသဖြစ်၍ ဆေးဝါးရောက်ရှိရန် ခက်ခဲပြီး ကျန်းမာရေး အသိပညာ အားနည်းခြင်းကြောင့်လည်း အသက်ဆုံးရှုံးရသည့် လူနာများလည်း များစွာရှိနေသည်။
နာဂဒေသရှိ ကျေးလက် ဆေးပေးခန်းများတွင် ကျန်းမာရေးဝန်ထမ်း မရှိသည့်အတွက် ငွေကြေးတတ်နိုင်သည့် ဒေသခံတချို့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဟုမ္မလင်းနှင့် ခန္တီးမြို့သို့ သော်လည်းကောင်း၊ မန္တလေးမြို့သို့ လည်းကောင်း သွားရောက် ဆေးကုသကြသော်လည်း လက်ရှိတွင် ကုန်ကျစရိတ် များပြားသည့်အတွက် မသွားနိုင် ကြတော့ကြောင်း နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
နာဂဒေသကို တွေ့ရစဉ်
၎င်းက “အဆင်ပြေသလိုပေါ့ ပါရာစီတမော့မရှိရင် တချို့ရွာတွေမှာဆိုရင် ခေါင်ရည် တိုက်လိုက်တယ်။ ခေါင်ရည် တိုက်လိုက်ရင် ဆေးတိုက်ဖို့လည်း မရှိဘူး၊ ဆေးခန်းလည်း မရှိတော့ မိဘတွေက ခေါင်ရည်တိုက်လိုက်ရော။ ကလေးက မူးပြီး၊ မှိန်းပြီးတော့ အိပ်ပျော်သွားတာပေါ့။ အိပ်ပျော်သွားတော့ ဖျားတာကို မသိတော့ဘူး။ အိပ်ယာထ လာတယ်၊ နည်းနည်း ပြန်လန်းဆန်းလာတဲ့အခါ အားအင် ပြန်ပြည့်လာတဲ့အခါမှာ အဖျားကျသလို ထင်ရတယ်ပေါ့ နော်။ အဲဒီလိုမျိုးတွေလည်း ရှိတယ် ဝမ်းနည်းစရာပဲ။ နတ်ကိုးကွယ်တဲ့ဝါဒနဲ့ ကုရတဲ့ နေရာတွေလည်း ရှိတယ်။ တချို့ နည်းနည်းပါးပါး ပိုက်ဆံရှိတယ်။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေကျတော့ ပါရာစီတမော့ ဝယ်တိုက်လိုက်၊ ဟိုနားက ဆေးနည်းနာနဲ့ ဒီနားက ဆေးနည်းနာနဲ့ အဲဒီလိုမျိုး လုပ်နေရတဲ့ သူတွေလည်း ရှိတယ်။ နည်းနည်း အခြေအနေကောင်းတဲ့ မိသားစုတွေကျတော့ ခန္တီးလောက်ကို ဆင်းတယ်၊ ဟုမ္မလင်းလောက်ကို ဆင်းတယ်။ မန္တလေးဘက်မှာ ဆေးသွားကုကြတယ်။ ဒါကလည်း ကုန်ကျစရိတ်က တော်တော်လေး မြင့်တဲ့အတွက်ကြောင့်မို့ အများစု မသွားနိုင်ကြတော့ပါဘူး” ဟု ပြောသည်။
နန်းယွန်းမြို့နယ်ရှိ ရွာအများစုတွင် ကျေးလက် ဆေးပေးခန်းများ ဆောက်လုပ်ထားပြီး ဖြစ်သော်လည်း ကျန်းမာ ရေး ဝန်ထမ်းများ အလုံအလောက် မရှိသည့်အတွက် ဒေသခံပြည်သူများ ကျန်းမာရေးပိုင်းဆိုင်ရာ အခက်အခဲ ဖြစ် နေကြကြောင်း၊ လက်ရှိ နိုင်ငံရေး အခင်းအကျင်း ကာလတွင် ပို၍ ခက်ခဲသည်ဟု နန်းယွန်းမြို့ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နန်းယွန်းမှာလည်း ဆေးရုံတော့ ရှိတယ်။ မြို့နယ်ဆေးရုံ ရှိတယ်။ ဒါပေမယ့် ပန်ဆောင်မှာလည်း တိုက်နယ်ဆေးရုံ ပုံစံမျိုးရှိတယ်။ ဒါပေမယ့် ဆရာ/ဆရာမတွေ လုံလောက်မှုက လုံးဝကို မရှိဘူး။ ဆရာဝန်လည်း ၁ ယောက်၊ ၂ ယောက်ပဲရှိတယ်။ ဆရာ/ဆရာမတွေ နည်းနည်း ရှိတယ်။ ဆေးဝါးလိုအပ်ချက်လည်း အများကြီး ရှိ တယ်။ နောက်ပြီးတော့ ဆေးရုံရဲ့ facilities အပိုင်းတွေ အများကြီး လိုအပ်ချက်ရှိနေတဲ့ အခြေအနေမျိုးမှာ တကယ် နင်လားငါလားဖြစ်တဲ့ အခြေအနေမျိုးဆိုရင် အများကြီး စိန်ခေါ်မှုတွေတော့ ရှိပါတယ်။ အရင်ကတည်းက လည်း ရှိခဲ့တယ်။ အခုလက်ရှိ တိုင်းပြည် အခက်အခဲကြားမှာတော့ ပိုပြီးတော့ ခက်ခဲပါတယ်” ဟု ပြောသည်။
ရန်ကုန်၊ မန္တလေး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျန်းမာရေး ဝန်ထမ်း အများအပြားသည် ဝေးလံ သည့် နာဂဒေသသို့ သွားရောက် တာဝန်ထမ်းဆောင်မှုသည် မရှိသလောက် နည်းပါးသည်မှာ ခေတ်အဆက်ဆက် ပင် ဖြစ်သည်။
နာဂဒေသကို တွေ့ရစဉ်
ထို့ကြောင့် နာဂဒေသတွင် ဖြစ်ပေါ်နေသည့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နာဂတိုင်းရင်းသားများကို ဆေးပညာသင်ကြားနိုင်ရန် အထူးအခွင့်အရေးအနေဖြင့် စီမံကိန်းတစ်ရပ် လုပ်ဆောင်ပေးရန် လိုအပ်သည်ဟု နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ နာဂမှာရှိတဲ့ ၁၀ တန်းအောင်ပြီးသား ယောကျာ်းလေးတွေ၊ ၁၀ တန်းအောင်ပြီးသား မိန်းကလေးတွေ တက္ကသိုလ် ဘွဲ့ရတဲ့ဟာတွေ ဒါလေးတွေကို အထူးစီမံကိန်းနဲ့ပဲဖြစ်ဖြစ် အရည်အချင်း တစ်ခုခု သတ်မှတ်ပြီးတော့ပဲဖြစ်ဖြစ် အဲဒီကနေ ကျနော်တို့ နာဂတောင်တန်းဒေသအတွက် သီးသန့်ဆိုပြီးတော့မှ သူနာပြု သင်တန်းကို ကျနော်တို့ မထားနိုင်ခဲ့ရင် သူနာပြုသင်တန်း အယောက် ၅၀၊ အယောက် ၂၀ အဲဒီလိုမျိုးခေါ်၊ ဆရာဝန် ဆိုလည်း တစ်တိုင်းပြည်လုံးမှာ ရန်ကုန်၊ မန္တလေး အလုပ်သင် ဘယ်လောက် သတ်မှတ်လဲ၊ နာဂဒေသမှာ အဲဒီ လောက် မဟုတ်ဘဲနဲ့ နည်းနည်း အရည်အချင်းသာတဲ့သူတွေ ရှိမယ်ဆိုရင် သူတို့ကို ဆရာဝန်ဘွဲ့ ရနိုင်တဲ့ MBS ကျောင်း ဆေးတက္ကသိုလ်မျိုးတွေကို တက်အောင် အခွင့်အလမ်းမျိုးတွေ နိုင်ငံတော်က ဖန်တီးပေးထားနိုင်တယ် ဆိုရင် ဒေသခံ နာဂဆရာဝန်လည်း ပေါ်ထွန်းလာမယ်။ ဒေသခံ နာဂသူနာပြုတွေလည်း ပေါ်ထွန်းလာမယ်။ အဲဒီလို အဓိက,က သူတို့ကိုယ်တိုင် နာဂတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒီနယ်မြေတွေမှာ တာဝန်ထမ်းဆောင်ကြလိမ့် မယ်လို့ သေချာပါတယ်။ အဲဒါကြောင့်မို့လို့ အဲဒီလိုနည်းနဲ့သာ ဖြေရှင်းမယ်ဆိုရင် ရေရှည်မှာ အခုလောလောဆယ် ဖြစ်နေတဲ့ပြဿနာ နောင် ၁၀ နှစ်၊ နှစ်ပေါင်း ၂၀၊ ၃၀ မှာတော့ မရှိနိုင်တော့ဘူး။ သူ့ဟာသူ အဆင်ပြေသွားမယ်။ ဒါကြောင့်မို့လို့ အဲဒီအခွင့်အလမ်းတွေကို ကျနော်တို့ လိုအပ်တယ်ပေါ့နော်” ဟု ပြောသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာများတွင် ကျေးလက် ဆေး ပေးခန်းများ ဆောက်လုပ်ရန် ချမှတ်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ကျန်းမာရေး ဝန်ထမ်းများ မရောက်လာသည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် မြို့ပေါ်အထိ တက်ရောက်ပြီး ဆေးကုသမှု ခံယူနေကြရသည်။