CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁
လက်နက်ကိုင် ပဋိပက္ခကြောင့် ၇ နှစ်ကျော်ကြာ ပိတ်ထားရသည့် စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရှိ ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၁၅ ရက်တွင် အိန္ဒိယနိုင်ငံက တရားဝင် ဖြတ်သန်းသွားလာ ခွင့် ပြုမည်ဖြစ်ကြောင်း နာဂဒေသခံများထံမှ သိရသည်။
ပန်ဆောင်-အိန္ဒိယ နယ်စပ်ဂိတ်အား အဖွင့်/အပိတ် မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် အိန္ဒိယ-မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီ၏ သဘောတူညီချက်ဖြင့် ဒီဇင်ဘာ ၁၅ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်သည်။
နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကတည်းကပင် ထိုနယ်စပ်ဂိတ်ကို ပိတ်ထားသည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၁၅ ရက်နေ့ ဖွင့်မယ်တဲ့။ အဲဒီဂိတ်ကလေ ဖွင့်လိုက် ပိတ်လိုက်ပဲ အမြဲတမ်း ပုံမှန်ပဲ။ ဒါပေမယ့်လို့ ခဏပိတ် ထားတဲ့အချိန်မှာ ဖွင့်တော့မယ်လို့ ဖွင့်လိုက်ပိတ်လိုက် ဖြစ်ခဲ့တဲ့အချိန်မှာ အဲဒီမှာ နာဂလက်နက်ကိုင်တွေလည်း ရှိတဲ့အခါကျတော့ ဖွင့်ပါ့မယ် မကြာခင် ဖွင့်တော့မယ် လုပ်နေတဲ့အချိန်တုန်းက အခု နောက်ဆုံး ပိတ်ခဲ့တဲ့အချိန် ပေါ့နော် နာဂလက်နက်ကိုင် အဖွဲ့အစည်းနဲ့ အဲဒီနယ်စပ်ဂိတ်မှာ တာဝန်ကျနေတဲ့ အိန္ဒိယစစ်တပ်တို့ တိုက်ပွဲဖြစ် ကြတယ်။ အဲဒီမှာ တော်တော်လေး အထိအခိုက် ရှိခဲ့တယ် အိန္ဒိယစစ်တပ်။ ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ မဖွင့်တော့ တာ ဒီနေ့အချိန်ထိပေါ့” ဟု ပြောသည်။
ပန်ဆောင်နယ်စပ်ဈေးကို တွေ့ရစဉ်
ပန်ဆောင်နယ်စပ်ဂိတ်ကို ဖွင့်လှစ်တော့မည်၍ နာဂဒေသနှင့် အိန္ဒိယနယ်စပ်ရှိ ပြည်သူများသည် နယ်စပ်ဈေးရှိ ဆိုင်ခန်းများ၊ မြေနေရာများ၊ အဆောက်အအုံများကို ပြင်ဆင်မှုကာ ကုန်စည်များ ရောင်းချနိုင်ရန် လုပ်ဆောင်နေ ကြသည်။
အိန္ဒိယကုန်စည်ကို အဓိက မှီခိုနေရသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်းယွန်းမြို့နယ်နှင့် ပန်ဆောင်မြို့ သည် ပန်ဆောင်နယ်စပ်ဂိတ်ကို ပိတ်ထားချိန်တွင် စားနပ်ရိက္ခာ ရှားပါးမှုများနှင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။
နယ်စပ်ဂိတ် ပိတ်ထားချိန်တွင် နန်းယွန်းနှင့် ပန်ဆောင်ဒေသခံများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် တနိုင်မြို့ နယ်တို့မှ ကုန်စည်ကို အသုံးပြုခဲ့ရသော်လည်း လက်ရှိတွင် ထိုဒေသသည်လည်း တိုက်ပွဲဖြစ်ပွားနေ၍ အခက်အခဲ ထပ်မံ ကြုံနေရကြောင်း သိရသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယက တရားဝင် ဖွင့်လှစ်ပေးမည်ဆိုပါက ဒေသခံများ၏ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကျန်းမာရေးကိစ္စများ အဆင်ပြေသွားမည် ဖြစ်သည်ဟု နာဂအမျိုးသားပါတီ(NNP)ဉက္ကဋ္ဌ ဦးရှုမောင်က ပြောသည်။
နာဂဒေသကိုတွေ့ရစဉ်
၎င်းက “နယ်စပ်တွေ ဖွင့်တယ်ဆိုတော့ ကျနော်တော့ ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနယ်က နာဂဒေသ မှာ နန်းယွန်း၊ ပန်ဆောင်၊ နာဂ ပန်ဆောင်ဘက်ခြမ်း ကျနော်တို့ ဘာအားကိုးရလဲဆိုတော့ အဓိကကတော့ ကချင် ဘက်ကြော မြစ်ကြီးနား၊ တနိုင်း အဲဒီဘက်ကို အားကိုးရတယ်။ မြစ်ကြီးနား၊ တနိုင်းဘက်ကို အားပြုပြီးတော့ နန်းယွန်း၊ ပန်ဆောင်က ဆန်၊ ဆီ၊ ဆား အဓိကပေါ့။ ဒါပေမယ့် အခုလည်း မြစ်ကြီးနား၊ တနိုင်း၊ ရှင်ဗွေယန်ဘက် လည်း စစ်ပွဲတွေ ရှိတယ်။ နောက် ကုန်ပစ္စည်းတွေက တိုက်ပွဲတွေ ရှိတဲ့အတွက်ကြောင့်မို့ လမ်းပန်းဆက်သွယ်ရေး က မရှိဘူး။ မရှိတဲ့အတွက်ကြောင့်မို့ အရင်ကထက် ပိုပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေ ရှိတဲ့အခါကျတော့ လမ်းခရီး မသာဘူးပေါ့။ အဲဒီအတွက်ကြောင့်မို့ နာဂဒေသမှာ ကုန်စည်စီးဆင်းမှုအပိုင်းမှာ တော်တော်လေးကို ခက်ခဲကြ တယ်။ ခက်ခဲတာထက် မရမက သယ်လာတဲ့ ကုန်ပစ္စည်းတွေကလည်း အဲဒီနယ်မှာရောက်ရင် ကုန်ပစ္စည်းတွေက အဆမတန် ဈေးမြင့်တဲ့အခါကျတော့ ပြည်သူတွေက ဝင်ငွေမရှိတဲ့အချိန်မှာ ပိုပြီးတော့ မဝယ်နိုင် မခြမ်းနိုင် ဖြစ်လာတဲ့ အနေအထားမျိုးနဲ့ အဆမတန် ဈေးကြီးလာတယ်ပေါ့နော်။ အဲဒီအချိန်မှာ အိန္ဒိယဂိတ်ကလည်း ပိတ် ထားတဲ့အခါကျတော့ ပိုပြီးတော့ ကျပ်တည်းသွားစေတယ်ပေါ့နော်။ တကယ်လို့သာ ၁၅ ရက်နေ့မှာ ပြန်ဖွင့်မယ် ဆိုရင် အခြေခံစားသောက်ကုန်ပစ္စည်းတွေ၊ ဆန်၊ ဆီ၊ ဆားကိစ္စတွေ၊ နောက် ဆေးဝါးကုသရေးကိစ္စတွေ၊ နယ်စပ် ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ကိစ္စတွေ၊ နောက် စားဝတ်နေရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ တော်တော်များများအတွက်တော့ အိန္ဒိယက နီးလည်းနီးတယ်၊ လမ်းပန်းဆက်သွယ်ရေးလည်း သာတဲ့အတွက်ကြောင့်မို့လို့ ကုန်စည် ရောင်းဝယ် ဖောက်ကားမှု ရှိလာမယ့် အတွက်ကြောင့်မို့လို့ ဒေသအတွက် အများကြီး အကျိုးပြုနိုင်တယ်လို့ ကျနော်တော့ ယူဆတယ်။ ဒါကြောင့်မို့ ဖွင့်တဲ့အပေါ်မှာတော့ ကြိုဆိုတယ်ပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်းယွန်းနှင့် ပန်ဆောင်မြို့မှ ဒေသခံများသည် ဂျင်းနှင့် တခြားသော စားသောက်ကုန်များကို နယ်စပ်ဈေးတွင် ရောင်းချပြီး အိန္ဒိယနိုင်ငံ၊ နန်ပေါင်မြို့မှ လာရောက် ရောင်းချသည့် ဆန်၊ ဆီ၊ စက်သုံးဆီ စသည့် ကုန်စည်များကို ပြန်လည် ဝယ်ယူသည့်အတွက် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ဒေသခံများ၏ စားဝတ်နေရေးအတွက် အထောက်အကူ ပြုလာမည် ဖြစ်သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အိန္ဒိယနိုင်ငံတို့ ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်များမှာ နာဂလန်းနှင့် တိုက်ရိုက် ဆက်သွယ်ထားသည့် လဟယ်မြို့ရှိ လဟယ် - အိန္ဒိယ နယ်စပ်ဂိတ်၊ လေရှိး - ဆွန်ပရာ - မဏိပူရ် နယ်စပ်ဂိတ်၊ ပန်ဆောင်(နာဂ) - နန်ပေါင်(အိန္ဒိယ) နယ်စပ်ဂိတ် ရှိကြောင်း သိရသည်။