CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ပန်ဆောင်မြို့(ဒေသ)ကို ထိန်းချုပ်နိုင်ရန်အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က တပ်ချနေရာယူလာကြောင်း သိရသည်။

NSCN-K/AM အဖွဲ့၏ နာဂတပ်ဖွဲ့ကို မြန်မာနိုင်ငံ၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ ပန်ဆောင်ဒေသတွင် တာဝန်ချထားသည်ဟု NSCN-K/AM အဖွဲ့က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တပ်ဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပန်ဆောင်မြို့သို့ ရောက်ရှိခဲ့သည်ဟု NSCN-K/AM အဖွဲ့က ပြောသည်။

၎င်းအဖွဲ့က “ NSCN-K အဖွဲ့သည် ပန်ဆောင်မြို့ရှိ လေးစားအပ်သော ခေါင်းဆောင်များနှင့် ချစ်ခင်ရပါသော ပြည်သူလူထုအား ကျွနှ်ပ်တို့၏ နာဂတပ်ဖွဲ့ကို နွေးထွေးစွာ ကြိုဆိုလက်ခံ ပေးခဲ့မှုအတွက် အထူးကျေးဇူးတင်ရှိ ကြောင်းနှင့် လေးစားမှုအပြည့်ဖြင့် အသိအမှတ်ပြုပါသည်။ ဤဒေသတွင် နာဂတပ်ဖွဲ့၏ အဓိက တာဝန်များမှာ ပြည်သူလူထု၏ လုံခြုံရေးနှင့် ဘေးကင်းရေးကို အာမခံပေးရန်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် ပန်ဆောင်မြို့နှင့် အနီးအနား ဒေသများတွင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ရန်ဖြစ်ပါသည်”ဟု ပြောသည်။

ပန်ဆောင် နယ်စပ်ဂိတ်ကိုတွေ့ရစဉ် 

ပန်ဆောင်မြို့သည် နာဂဒေသအတွက် တစ်ခုတည်းသော အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ရှိသည့် ဒေသဖြစ်၍ အလွန်အရေးပါသော နယ်မြေဖြစ်သည်။

ထိုဒေသတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)အဖွဲ့လည်း တပ်ချလှုပ်ရှား လျက်ရှိသည်။

ပန်ဆောင်ဒေသနှင့် နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ထိန်း ချုပ်နိုင်ရေး နာဂလက်နက်ကိုင်အဖွဲ့များဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသည်။

အိန္ဒိယ-မြန်မာ-တရုတ်တို့သည် လီဒိုလမ်းဟု နာမည်ကျော်ကြားသော စတီးဝဲလ်လမ်းကို ပြန်လည် ပြင်ဆင်ရန် သုံးနိုင်ငံ သဘောတူညီထားကြောင်း၊ အိန္ဒိယသည် ပန်ဆောင်၊ နန်းယွန်းမှသည် မိုးညှင်း-မိုးကောင်းအထိ တာဝန်ယူရန်နှင့် တရုတ်က မိုးညှင်း-မိုးကောင်းမှသည် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးအထိ တာဝန်ယူရန် သဘောတူညီထားကြောင်း သိရသည်။

မြန်မာ့တပ်မတော်က အရာရှိများနဲ့ NSCN-K/AM အဖွဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က ခရစ္စမတ်ပွဲတော် ကျင်းပကြစဉ်

ထို့နောက် အိန္ဒိယနှင့် KIA သည် ကချင်ပြည်နယ်အတွင်းက ထွက်ရှိသော မြေရှားသတ္တု အပါအဝင် သယံဇာတများ တူးဖော်ရေးနှင့် သယ်ယူရေးအတွက် ပန်ဆောင်ဒေသကို အာရုံစိုက်ထားကြကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။

လက်ရှိမှာတော့ ပန်ဆောင်ဒေသကို NSCN-K/AM နှင့် NSCN-K/YA တို့က တပ်ဖွဲ့များ ချ၍ တာဝန်ယူ ထိန်းချုပ်နေ ကြောင်း၊ NSCN-K/AM သည် ငြိမ်းချမ်းရေးနှင့် နာဂလူမျိုးများ တိုးတက်ရေးကို အာရုံစိုက်ကာ မြန်မာ့တပ်မတော် နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ရပ် ထူထောင်ထားခြင်းကြောင့် မြန်မာ့တပ်မတော်၏ ထောက်ခံပံ့ပိုးမှုအား ရရှိ နိုင်ခြင်းကြောင့် ပန်ဆောင်ဒေသ တစ်ခုလုံးကို ထိန်းချုပ်လာနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးမှ ထောက်ပြသည်။

အလားတူ အိန္ဒိယအစိုးရဘက်ကလည်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဦးစားပေးသည့် NSCN-K/AM အဖွဲ့ကို ထောက်ခံပံ့ပိုးပေးလာနိုင်ကြောင်း၊ NSCN-K/AM အဖွဲ့နှင့် အိန္ဒိယအစိုးရကြား တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု များလည်း ၂၀၂၅ ခုနှစ်အတွင်းမှာ ရှိခဲ့ကြောင်း ၎င်းက ထောက်ပြသည်။