CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းမှာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံး အောင်(NSCN-K/YA)တို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်။

NSCN-K/AM အဖွဲ့၏ မိုလ်ဘိုင်း-၆ တပ်ရင်းသည် လဟယ်မြို့နှင့်နန်းယွန်းမြို့ကြား တည်ရှိသော နန်းယွန်းမြို့နယ်၊ တိုက်ကျေးရွာရှိ NSCN-K/YA အဖွဲ့ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁ နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

NSCN-K/AM အဖွဲ့က “ယုံးအောင်အဖွဲ့(YA)မှ ဆက်လက် ပြုလုပ်လာသည့် ခြိမ်းခြောက်မှုများနှင့် အနိုင်ကျင့်မှု များအား တုန့်ပြန်သည့် အနေနှင့် နာဂတပ်ဖွဲ့၏ မိုလ်ဘိုင်း–၆ တပ်ရင်းသည် နန်းယွန်းမြို့နယ်အတွင်းသို့ စစ်ရေး တုန့်ပြန် တိုက်ခိုက်မှုများကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီတွင် နာဂတပ်ဖွဲ့ မိုလ်ဘိုင်း–၆ သည် တိုက်ကျေးရွာ၌ တပ်စွဲထားသည့် ယုံးအောင်အဖွဲ့ဝင်များကို တိုက်ခိုက် ခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း NSCN-K/YA အဖွဲ့ဘက်မှ အနည်းဆုံး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။

နာဂဒေသအတွင်းမှာ NSCN-K/AM အဖွဲ့နှင့် NSCN-K/YA အဖွဲ့ကြား နယ်မြေ ထိန်းချုပ်နိုင်ရေး အားပြိုင်နေကြ သည်။

နာဂဒေသ ပန်ဆောင်မြို့ရှိ အိန္ဒိယနှင့်တစ်ခုတည်းသော နယ်စပ်ထွက်ပေါက်ကို ထိန်းချုပ်နိုင်ရေး NSCN-K/AM အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ရောက်ရှိလာပြီး တပ်ချနေရာ ယူခဲ့သည်။

ထို့နောက် NSCN-K/YA အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် NSCN-K/AM အဖွဲ့ကို တိုက်ခိုက်ခဲ့၍ NSCN-K/AM ဘက်က ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

သို့သော် NSCN-K/AM အဖွဲ့သည် နန်းယွန်းမြို့နယ်၊ တကားနှင့်နမ်ဖာကြား (၁၈)မိုင်နေရာရှိ NSCN-K/YA အဖွဲ့ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီတွင် ပြန်လည်၍ တိုက်ခိုက်ခဲ့ပြီး NSCN-K/YA ၏ စခန်းတစ်ခုကို ထိန်းချုပ်ခဲ့သည်။

လက်ရှိတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂလက်နက်ကိုင်များ အနေဖြင့် NSCN-K/YA(ဦးယုံးအောင်)၊ NSCN-K/AM(ဦးအန်းမိုင်)၊ ENNO/ENDA(ဦးအောင်ဆိုင်း)၊ NSCN-IM ( အိုက်ဇက်ချီရှီဆူနဲ့ ဗွီးဗာ)၊ NSCN-IM/H(IM ကနေ ခွဲထွက်လာတဲ့ ဟန်ရှီရမ်ဆန်း ဦးဆောင်အဖွဲ့)၊ NPDF တို့ တည်ရှိသည်။

အလားတူ ကသည်းနှင့်အာသံ လက်နက်ကိုင်အဖွဲ့များလည်း အခြေစိုက်လှုပ်ရှားလျက်ရှိသည်။