CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်ဒေသက ခမ္မတိုင်ကျေးရွာတွင် နာဂလက်နက်ကိုင် ၂ ဖွဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၅ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့ကို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ - ကပ္ပလန်/ယုံးအောင်(NSCN-K/YA)အဖွဲ့က လက်နက်ကြီး-လက်နက်ငယ်များဖြင့် တိုက်ခိုက်လာခဲ့ရာမှ စတင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NSCN-K/AM အဖွဲ့က “ ကျနော်တို့ လူတွေ ရွာထဲမှာရှိနေတုန်း NSCN-K/YA အဖွဲ့က ကျနော်တို့ရဲ့ လူတွေကို အဝေးကနေ မော်တာနဲ့ တခြား ခေတ်မီ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ သူတို့က ကျနော်တို့ကို ရွာထဲမှာ တိုက်ခိုက်ကြတယ်။ နံနက် ၅ နာရီလောက်မှာ စတိုက်ပါတယ်။ အခု တခြားနေရာတွေကို ထွက်သွားကြပြီ”ဟု CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ နာဂလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲအတွင်း NSCN-K/AM အဖွဲ့ဘက်က ၁ ဦး ဒဏ်ရာရပြီး ၂ ဦး သေဆုံး ကြောင်း ၎င်းအဖွဲ့က အတည်ပြုပြောကြားသည်။
NSCN-K/YA အဖွဲ့၏ ယခု လုပ်ရပ်က ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းတို့နှင့် ဆွေးနွေးစရာ မရှိတော့ ကြောင်း NSCN-K/AM အဖွဲ့က CNI သတင်းဌာနသို့ ပြောသည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
NSCN-K/AM အဖွဲ့သည် နာဂဒေသ၏ တစ်ခုတည်းသော နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်သည့် ပန်ဆောင် မြို့သို့ ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ရောက်ရှိလာပြီး တပ်နေရာ ချထားလှုပ်ရှားခဲ့ သည်။
ထိုနေရာတွင် NSCN-K/YA အဖွဲ့ကလည်း လှုပ်ရှားနေပြီး ပန်ဆောင်မြို့ကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိနေသည်။
အဆိုပါ ပန်ဆောင်ဒေသနှင့် နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ထိန်းချုပ်နိုင်ရေး NSCN-K/YA အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသည်။
အိန္ဒိယ-မြန်မာ-တရုတ်တို့သည် လီဒိုလမ်းဟု နာမည်ကျော်ကြားသော စတီးဝဲလ်လမ်းကို ပြန်လည် ပြင်ဆင်ရန် သုံးနိုင်ငံ သဘောတူညီထားကြောင်း၊ အိန္ဒိယသည် ပန်ဆောင်၊ နန်းယွန်းမှသည် မိုးညှင်း-မိုးကောင်းအထိ တာဝန် ယူရန်နှင့် တရုတ်က မိုးညှင်း-မိုးကောင်းမှသည် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးအထိ တာဝန်ယူရန် သဘောတူ ညီထားကြောင်း သိရသည်။
ထို့နောက် အိန္ဒိယနှင့် KIA သည် ကချင်ပြည်နယ်အတွင်းက ထွက်ရှိသော မြေရှားသတ္တု အပါအဝင် သယံဇာတများ တူးဖော်ရေးနှင့် သယ်ယူရေးအတွက် ပန်ဆောင်ဒေသကို အာရုံစိုက်ထားကြကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က တပ်မတော် အရာရှိတချို့နဲ့ NSCN-K/AM အဖွဲ့ ခရစ္စမတ်ပွဲကျင်းပစဉ်
လက်ရှိမှာတော့ ပန်ဆောင်ဒေသကို NSCN-K/AM နှင့် NSCN-K/YA တို့က တပ်ဖွဲ့များ ချ၍ တာဝန်ယူ ထိန်းချုပ်နေ ကြောင်း၊ NSCN-K/AM သည် ငြိမ်းချမ်းရေးနှင့် နာဂလူမျိုးများ တိုးတက်ရေးကို အာရုံစိုက်ကာ မြန်မာ့တပ်မတော် နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ရပ် ထူထောင်ထားခြင်းကြောင့် မြန်မာ့တပ်မတော်၏ ထောက်ခံပံ့ပိုးမှုအား ရရှိ နိုင်ခြင်းကြောင့် ပန်ဆောင်ဒေသ တစ်ခုလုံးကို ထိန်းချုပ်လာနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးမှ ထောက်ပြသည်။
အလားတူ အိန္ဒိယအစိုးရဘက်ကလည်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဦးစားပေးသည့် NSCN-K/AM အဖွဲ့ကို ထောက်ခံပံ့ပိုးပေးလာနိုင်ကြောင်း၊ NSCN-K/AM အဖွဲ့နှင့် အိန္ဒိယအစိုးရကြား တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု များလည်း ၂၀၂၅ ခုနှစ်အတွင်းမှာ ရှိခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
