CNI International News
ကိုပင်ဟေဂင်၊ ဇန်နဝါရီ ၉
အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းကို သိမ်းယူမည်ဆိုလျှင် နေတိုးမဟာမိတ်အဖွဲ့ အဆုံးသတ်သည့် သဘော ကို သက်ရောက်သွားလိမ့်မည်ဟု ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင် (Mette Frederiksen) က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
ဖရက်ဒရစ်ဆင်သည် ဒီဇင်ဘာ ၆ ရက်က ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ပိုလန်၊ စပိန်နှင့် ဗြိတိန် ခေါင်းဆောင်များနှင့် အတူ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အာတိတ်ဒေသကို ဘေးကင်းအောင် ထိန်းသိမ်းရန်နှင့် ရန်သူ များကို ဟန့်တားရန် ဥရောပမဟာမိတ်များက ပိုမိုအင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။
ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော အာတိတ်ဒေသရှိ ဂရင်းလန်းကျွန်းကို အမေရိကန်က လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ တုန့်ပြန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အကယ်၍ အမေရိကန်က နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်လာပါက အမေရိကန်နှင့် ပူးပေါင်း ဆောင် ရွက်နေမှုများ အားလုံး ရပ်တန့်သွားလိမ့်မည်ဟု ဖရက်ဒရစ်ဆင်က ပြောကြားခဲ့သည်။
“တကယ်လို့ အမေရိကန်က အခြား နေတိုးအဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အရာအားလုံး ရပ်တန့်သွားမှာပါ။ အဲဒီအထဲမှာ နေတိုးအဖွဲ့လည်း ပါဝင်သလို ဒုတိယကမ္ဘာစစ် နောက်ပိုင်း တည်ဆောက်ခဲ့တဲ့ လုံခြုံရေးစနစ်တွေလည်း ပျက်စီးသွားပါလိမ့်မယ်” ဟု ဖရက်ဒရစ်ဆင်က ဆိုသည်။

နေတိုးအဖွဲ့ အစည်းအဝေးကျင်းပနေစဉ်
ဂရင်းလန်းဝန်ကြီးချုပ် ယန်းစ် ဖရက်ဒရစ် နီလ်ဆင် (Jens-Frederik Nielsen) ကလည်း ၎င်းတို့အနေဖြင့် အမေရိကန်နှင့် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်တည်ဆောက်ရန် တိုက်တွန်းခဲ့ပြီး ဂရင်းလန်း ဒေသခံများကိုလည်း ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်ကြရန် ပြောကြားခဲ့သည်။
“အခြေအနေက အမေရိကန်ဟာ ဂရင်းလန်းကို သိမ်းပိုက်နိုင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ အဲဒီလိုလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ မထိတ်လန့်သင့်ပါဘူး။ အရင်ကရှိခဲ့တဲ့ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုမျိုးကိုပဲ ပြန်လည်တည်ဆောက်ရမှာပါ” ဟု နီလ်ဆင်က ဂရင်းလန်းကျွန်း၏မြို့တော် နုခ် (Nuuk) တွင် ပြောကြားခဲ့သည်။
နီလ်ဆင်သည် ဇန်နဝါရီ ၅ ရက်က လူမှုမီဒီယာတွင် တင်ခဲ့သော ပို့စ်တစ်ခုတွင်လည်း ဂရင်းလန်းကို သိမ်းပိုက်မည် ဆိုသည့် စိတ်ကူးယဉ်မှုများကို စွန့်လွှတ်ရန် ထရမ့်အား တိုက်တွန်းခဲ့သည်။
“တော်လောက်ပါပြီ။ ဖိအားပေးတာတွေ၊ သွယ်ဝိုက်ပြောဆိုတာတွေ၊ သိမ်းပိုက်ဖို့ စိတ်ကူးယဉ်နေတာတွေ ထပ် မလုပ်ပါနဲ့တော့။ ကျနော်တို့က ဆွေးနွေးဖို့ အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ လမ်းကြောင်း ကနေ တစ်ဆင့် နိုင်ငံတကာဥပဒေကို လေးစားမှုရှိရှိနဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု နီလ်ဆင်က ရေးသားခဲ့ သည်။
Source: DW
