CNI International News
မက်ဒရစ်၊ ဇန်နဝါရီ ၁၉
အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းကို ကျူးကျော် ဝင်ရောက်မည်ဆိုပါက ရုရှားသမ္မတ ပူတင် (Vladimir Putin) ကို ကမ္ဘာပေါ်တွင် အပျော်ဆုံးလူသား ဖြစ်လာစေလိမ့်မည်ဟု စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ် (Pedro Sanchez) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းပေါ်တွင် အမေရိကန်၏ စစ်ရေးအရ လုပ်ဆောင်ချက်များသည် နေတိုးအဖွဲ့ကို ထိခိုက်ပျက်စီးစေမည့်အပြင် ယူကရိန်းအား ရုရှား၏ ကျူးကျော်မှုကိုလည်း တရားဝင်သကဲ့သို့ ဖြစ်စေလိမ့်မည်ဟု La Vanguardia သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဆန်းချက်ဇ်က ပြောကြားခဲ့သည်။
“ဂရင်းလန်းကိစ္စကို အာရုံစိုက်မယ်ဆိုရင် အမေရိကန်က အဲဒီနယ်မြေကို ကျူးကျော်တာဟာ ဗလာဒီမာ ပူတင်ကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ ဖြစ်သွားစေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလုပ်ရပ်ဟာ ပူတင်က ယူကရိန်း ကို ကျူးကျော်ဖို့ ကြိုးပမ်းနေတာကို တရားဝင်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားစေလို့ပါပဲ”ဟု ဆန်းချက်က ပြောကြားခဲ့သည်။
“တကယ်လို့ အမေရိကန်ကသာ အင်အားသုံး ဖြေရှင်းမယ်ဆိုရင် ဒါဟာ နေတိုးအတွက် သေမင်းတမန် ခေါင်းလောင်းသံ ဖြစ်လာပါလိမ့်မယ်။ ပူတင်ကတော့ နှစ်ဆတိုးပြီး ပျော်နေရမှာပါ”ဟု စပိန်ဝန်ကြီးချုပ်က သတိပေးခဲ့သည်။

စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ခွင့် မရမချင်း ဥရောပ မဟာမိတ်များအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံသွားမည်ဟု ဇန်နဝါရီ ၁၇ ရက်က ခြိမ်းခြောက်ခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး ထရမ့်၏ နည်းဗျူဟာ အပြောင်းအလဲ တစ်ခုဖြစ်နိုင် ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
သမ္မတ ထရမ့်က ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်းကျွန်းကို အမေရိကန်က အလုံးစုံ ရယူမှုမှတစ်ပါး အခြားမည်သည့် အရာကိုမျှ လက်ခံမည် မဟုတ်ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့သည်။
သို့သော် ဒိန်းမတ်နှင့် ဂရင်းလန်း ခေါင်းဆောင်များကမူ ဂရင်းလန်းကျွန်းသည် ရောင်းရန် မဟုတ်ကြောင်းနှင့် အမေရိကန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် ဆန္ဒမရှိကြောင်း ပြတ်သားစွာ တုန့်ပြန်ထားကြသည်။
Source: ရိုက်တာ
