CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁၀
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ကမ္ဘာ့အနောက်ခြမ်းတွင် အမေရိကန်၏ ဩဇာအာဏာကို ချဲ့ထွင်ရန်နှင့် ၎င်း၏ အမွေအနှစ်အား ခိုင်မာစေရန် ဂရင်းလန်း (Greenland) ကျွန်းကို အရယူဖို့ ကြိုးပမ်းနေကြောင်း ထရမ့်နှင့်နီးစပ်သည့် သတင်းရင်းမြစ် ၃ ခုက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်က သူသည် ဇန်နဝါရီ ၂၀ ရက်တွင် စတင်ရုံးထိုင်သည့် အချိန်မှစပြီး ဒိန်းမတ်နိုင်ငံ ပိုင်ဆိုင်သည့် ဂရင်းလန်း ကျွန်းကို ပိုင်ဆိုင်ရေးအတွက် စစ်ရေး သို့မဟုတ် စီးပွားရေးအရ ဖိအားများ တိုးမြှင့်သွားမည့် အစီအစဉ်အား စာရင်းမှ ဖယ်ထုတ်ထားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှု ပိုမိုပျက်ယွင်းနေချိန်တွင် ရှိရင်းစွဲ နယ်စပ်စည်းများ ထာဝရတည်မြဲရေးကို ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး ဥရောပမဟာမိတ်နိုင်ငံများကို စိုးရိမ်စေခဲ့သည်။
ထရမ့်သည် ၎င်း၏ ပထမသက်တမ်း ကာလအတွင်းကလည်း ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ရေးအတွက် ဖြစ်နိုင်ခြေ ရှိသည့် အလားအလာများအား မကြာခဏ ပြောဆိုခဲ့သဖြင့် မကြာသေးမီက ပြောကြားခဲ့သည့် ၎င်း၏ မှတ်ချက် စကားများသည် ဂရင်းလန်းကျွန်းကို အရယူရန် ဆုံးဖြတ်ထားသော ၎င်း၏ ဆန္ဒပြင်းပြမှုကို ပြသရာရောက်ခဲ့သည်။
အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ခုကမူ အိမ်ခြံမြေ လုပ်ငန်းရှင်ဟောင်း တစ်ဦးဖြစ်သော ထရမ့်သည် ဂရင်းလန်းကျွန်းကို ထိန်းချုပ်နိုင်ရန် စစ်အင်အား အသုံးပြုဖွယ်မရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်သည် ကမ္ဘာ့အကြီးဆုံး ကျွန်းဖြစ်သည့် ဂရင်းလန်းကျွန်းကို ရရှိရေးအတွက် ဒိန်းမတ်အပေါ် သံတမန်ရေး သို့မဟုတ် စီးပွားရေးဖိအားများ တိုးမြှင့်ဖွယ်ရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
“အမေရိကန်ရဲ့ နယ်နိမိတ်ကို ပိုမိုချဲ့ထွင်တာဟာ စစ်မှန်တဲ့ အမွေအနှစ် တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း ဘယ်နယ်နိမိတ် တစ်ခုကိုမှ မသိမ်းသွင်းနိုင်ခဲ့ပါဘူး။ အဲဒီအကြောင်းကို ထရမ့်က အလေးထား ပြောဆိုနေ ပါတယ်” ဟု ၎င်းက ဆိုသည်။
၁၉၅၉ ခုနှစ်တွင် အမေရိကန်၏ နယ်နိမိတ် ၂ ခုဖြစ်သည့် အလက်စကာ (Alaska) နှင့် ဟာဝိုင်ယီ (Hawaii) တို့သည် အမေရိကန်၏ ရီပတ်ဘလစ်ကန်သမ္မတ ဒရိုက်ဗ် အိုက်ဆင်ဟောင်ဝါ (Dwight Eisenhower) လက်ထက်တွင် အမေရိကန်၏ ၄၉ ခုမြောက်နှင့် ၅၀ ခုမြောက် ပြည်နယ်များ ဖြစ်လာခဲ့သည်။
ဒိန်းမတ်နိုင်ငံကမူ ဂရင်းလန်းကျွန်းသည် ရောင်းရန်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
လူဦးရေ ၅၇,၀၀၀ ခန့် နေထိုင်သည့် ဂရင်းလန်းကျွန်းသည် ကိုယ်ပိုင် ပြည်ထဲရေးစနစ်ဖြင့် အုပ်ချုပ်နေသည့်တိုင် ထိုကျွန်းကို ဒိန်းမတ်က နှစ်ပေါင်းရာနှင့်ချီ ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ