CNI International News
ပေကျင်း၊ ဇန်နဝါရီ ၁၀
တရုတ်စစ်တပ်သည် တိဘက်ကုန်းပြင်မြင့်၏ ခက်ခဲကြမ်းတမ်းသော ရာသီဥတု အခြေအနေများတွင် စခန်းချ တပ်စွဲထားသည့် သူ၏ စစ်သားများအတွက် အောက်စီဂျင် အထောက်အပံများ ပိုမိုရရှိစေရန် လုပ်ဆောင်ပေး ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် ထိစပ်နေသည့် ပိုင်ဆိုင်မှု အငြင်းပွားနေသော အနောက်ဘက် နယ်စပ်တစ်လျှောက် လိုအပ်သည့်ပစ္စည်း ကိရိယာများ၊ စစ်သင်တန်းများနှင့် ထောက်ပို့များကို ပိုမိုခိုင်မာစေရန် အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ် တစ်ပိုင်းအဖြစ် ထိုသို့ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်ဟု တရုတ်စစ်တပ်က ပြောကြားခဲ့သည်။
တရုတ်စစ်တပ်သည် ပင်လယ်ရေ မျက်နှာပြင်၏ အလွန်မြင့်သည့် နေရာများတွင် တည်ရှိသော နယ်စပ်ကင်းစခန်း များ၌ ထိရောက်စွာ တာဝန်ထမ်းဆောင်မှုကို မြှင့်တင်ရန်အတွက် ကီလိုမီတာ ၂၀ (၁၂ ဒသမ ၄ မိုင်) အကျယ်ရှိ သည့် ထောက်ပို့ဇုန်အား ထူထောင်ခဲ့သည်ဟုလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ PLA Daily သတင်းစာက ဖော်ပြခဲ့သည်။
တရုတ်နဲ့အိန္ဒိယစစ်သားကို တွေ့ရစဉ်
ဟိုတန် (Hotan) စစ်ခရိုင်ခွဲတွင် တပ်စွဲထားသည့် နယ်စပ်တပ်ရင်း၏ တပ်မှူးဖြစ်သည့် လျူဟို (Liu Hao) က ၎င်းတို့ တပ်စွဲထားသည့် နေရာသည် ပင်လယ်ရေ မျက်နှာပြင်အထက် ၅၃၈၀ မီတာ (၁၇,၇၀၀ ပေ) တွင်ရှိကြောင်း ပြောကြားခဲ့သဖြင့် ထိုနေရာတွင် တပ်စွဲထားသည့် စစ်သားများ၏ ကျန်းမာရေးနှင့် တိုက်ပွဲအတွက် အသင့် အနေအထားရှိမှုတို့အတွက် အောက်စီဂျင်ကို လျင်မြန်စွာရရှိရေးသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ သည်။
ကရာကိုရမ်ကုန်းပြင်မြင့် (Karakoram plateau)ပေါ်ရှိ ရှင်ကျန်း (Xinjiang) ဒေသ၏ ဟိုတန်သည် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်က တရုတ်နှင့်အိန္ဒိယ စစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဂေါ်ဝန်တောင်ကြား (Galwan Valley) နှင့် အလွန်ကွာဝေးသည့်နေရာ မဟုတ်ပေ။
တရုတ်နှင့် အိန္ဒိယသည် ကိုလိုနီခေတ်က ရေးဆွဲခဲ့သည့် နယ်စပ်မျဉ်းအဖြစ် ၃၅၀၀ ကီလိုမီတာ (မိုင် ၂၁၇၀) ရှည်လျားသည့် အငြင်းပွားဖွယ် နယ်စပ်ဖြင့် ပိုင်းခြားထားသည်။
ရှီကျင့်ဖျင်နဲ့မိုဒီကို တွေ့ရစဉ်
ထိုနယ်စပ်၏ ဟိမဝန္တာနယ်စပ် နေရာသည် ပင်လယ်ရေ မျက်နှာပြင်နှင့် တန်းတူရှိသည့် နေရာများထက် အောက်စီဂျင် ၄၀ ရာခိုင်နှုန်း လျော့နည်းနေကာ ကမ္ဘာပေါ်တွင် နေထိုင်ရ အခက်ခဲဆုံး နေရာများထဲတွင် ပါဝင်နေသည်။
ဟိုတန်စစ်ခရိုင်ခွဲသည် PLA ၏ ရှင်ကျန်းစစ်ဌာနချုပ် လက်အောက်တွင်ရှိပြီး အိန္ဒိယနှင့် ထိစပ်နေသည့် အနောက်ပိုင်း နယ်စပ်ဒေသအရေးကို တာဝန်ယူရသည့် တပ်ဖွဲ့ဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ( Narendra Modi) တို့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် BRICS အစည်းအဝေးတွင် တွေ့ဆုံခဲ့ပြီးနောက် ၂ နိုင်ငံအကြား တင်းမာမှုများကို လျှော့ချရန် သဘောတူခဲ့သည်။
Source: South China Morning Post