CNI International News
ကာရာကက်စ်၊ ဇန်နဝါရီ ၁၀
ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolás Maduro) သည် ၎င်း၏ ၁၂ နှစ်ကြာ အာဏာသက်တမ်းအတွင်း ယခင်ကထက် ပိုမိုကြီးမားသည့် နိုင်ငံတကာ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
သူ့ကိုယ်သူ ဆိုရှယ်လစ် တစ်ဦးအဖြစ် ကြေညာထားသည့် မာဒူရိုသည် ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်းကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ဖွယ်ရှိကြောင်း ယူဆခံထားရသည်။
ထိုရွေးကောက်ပွဲကို အမေရိကန်နှင့် အခြားနိုင်ငံများက ရှုတ်ချခဲ့ပြီး ဗင်နီဇွဲလား နိုင်ငံအတွင်းတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံးဖြိုခွင်ခဲ့သည်။
ထို့ပြင် မာဒူရိုသည် ရွေးကောက်ပွဲအပြီးတွင် အတိုက်အခံများကို ဖိနှိပ်ပြီး ပြိုင်ဘက်နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်းဘက်က အနိုင်ရကြောင်း အတိုက်အခံများမှ ကြေညာခဲ့သည့်တိုင် မာဒူရိုသည် ဇန်နဝါရီ ၁၀ ရက်၌ တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်သည်။
လက်နက်ကိုင်ထားသူများကိုတွေ့ရစဉ်
မာဒူရိုသည် ကွယ်လွန်သွားပြီဖြစ်သည့် ယခင်သမ္မတ ဟူဂိုချာဗက် (Hugo Chávez) အပေါ် သစ္စာစောင့်သိသူ ဖြစ်ပြီး ၂၀၁၂ ခုတွင် ချာဗက်ထံမှ ဘိုလီဗီးယားတော်လှန်ရေး မီးတုတ်ကို လက်ဆင့်ကမ်း ယူဆောင်ခဲ့သူအဖြစ် ရှုမြင်ခံခဲ့ရသည်။
သို့သော် မကြာသေးမီက မာဒူရိုသည် ၎င်းအား ပစ်မှတ်ထားသည့် ဒရုန်းဖြင့် လုပ်ကြံတိုက်ခိုက်မှု၊ ပြည်တွင်း စီးပွားရေး ပြိုလဲမှုကြောင့် ဆန္ဒပြမှုများမှအစ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာ၏ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံရမှုနှင့် မူးယစ်ဆေး ဝါးမှောင်ခိုကူးမှု စွဲချက်များကြောင့် အမေရိကန်၏ ဒေါ်လာ ၁၅ သန်းဆုကြေး ထုတ်ခံခဲ့ရမှုတို့အထိ စိန်ခေါ်မှုမျိုးစုံနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် မာဒူရို အနေဖြင့် စိန်ခေါ်မှု ပေါင်းစုံနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်တွင်း ဖိနှိပ်မှုများကို ပိုမိုတိုးမြှင့်မည် ဆိုပါက ၎င်းအား ဆန့်ကျင်သည့် ဆူပူအုံကြွမှုများ ပိုမိုဖြစ်ပွားလာနိုင်သဖြင့် အခြေအနေကို သတိထား ကိုင်တွယ် သင့်ကြောင်း ဝါရှင်တန်ရှိ Inter-American Dialogue ၏ ဥက္ကဋ္ဌဟောင်း မိုက်ကယ် ရှစ်ဖ်တာ (Michael Shifter) က ပြောကြားခဲ့သည်။
Source: အေပီ