CNI International News

ကာရာကက်စ်၊ စက်တင်ဘာ ၅

ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့များနှင့် အစိုးရလိုလားသည့် လက်နက်ကိုင်အဖွဲ့များသည် ဇူလိုင်လအတွင်းက ပြုလုပ် ခဲ့သည့် သမ္မတရွေးကောက်ပွဲအပြီးတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများကို ပြင်းထန်စွာ နှိမ်နင်းခဲ့ပြီး နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အမျိုးသားအစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ colectivos ဟု လူသိများသည် လက်နက်ကိုင်အဖွဲ့များသည် ဇူလိုင် ၂၈ ရက် က ရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူ ၂၃ ဦးကို သတ်ဖြတ်ခဲ့သည်ဟု လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။

လူငယ်များ အပါအဝင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့က သမ္မတ နီကိုလပ်စ် မာဒူရိုကို ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် လမ်းများပေါ်သို့ထွက်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

colectivos ဟု လူသိများသည် လက်နက်ကိုင်အဖွဲ့ကိုတွေ့ရစဉ်

ထိုဆန္ဒပြသူများကို မာဒူရိုနှင့် ၎င်း၏  United Socialist ပါတီ၏ မဟာမိတ်များက အင်အားသုံး၍ ဖြိုခွင်းခဲ့ကာ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုများ၊ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သလို Operation Knock Knock အမည်ရှိ စစ်ဆင်ရေးဖြင့် ဆန္ဒပြမှုများတွင် ပါဝင်သူများကို အစိုးရအား သတင်းပေးရန် အစိုးရသစ္စာခံများကို တိုက်တွန်းခဲ့ သည်။

"ဗင်နီဇွဲလားမှာ ကျနော်တို့ မြင်တွေ့နေရတဲ့ အဲဒီလို ဖိနှိပ်မှုတွေက တုန်လှုပ်ဖို့ ကောင်းလောက်အောင် ရက်စက် ကြမ်းကြုတ်လှပါတယ်။ ပြည်ပနိုင်ငံတွေ အနေနဲ့ ဗင်နီဇွဲလားပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်အောင် လိုအပ်တဲ့ အစီအစဉ် လုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်" ဟု HRW ၏ အမေရိကနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး ဟွမ်နီတာ ဂိုဘာတပ်စ် (Juanita Goebertus) က ပြောကြားခဲ့သည်။

ဆန္ဒပြသူ ၂၃ ဦးနှင့် ဘိုလစ်ဗီးယား အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုနှင့်ပတ်သက်သည့်  သက်သေ အထောက်အားများကို ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ဒေသခံ လူ့အခွင့်အရေးအဖွဲ့များထံမှ ရရှိခဲ့ကြောင်း HRW က ပြောကြားခဲ့သည်။

ဗင်နီဇွဲလား ဆန္ဒပြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့ အဓိကရုန်းဖြစ်နေစဉ်

ဆန္ဒပြသူ အများစု သတ်ဖြတ်ခံခဲ့ရသည့် ကာလမှာ ဇူလိုင် ၂၉ ရက်နှင့် ဇူလိုင် ၃၀ ရက်များတွင်ဖြစ်ကြောင်း HRW က ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြသူများ သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များအနက် ဖြစ်စဉ် ၁၁ ခုကို HRW က သီးခြား မှတ်တမ်းတင်နိုင်ခဲ့သည်။

ထို့နောက် သေဆုံးကြောင်း အတည်ပြုချက်များ၊ အတည်ပြုထားသည့် ဗွီဒီယိုများနှင့်ဓာတ်ပုံများကို စိစစ်သုံးသပ်ခဲ့ သလို မျက်မြင် သက်သေများ၊ ဒေသခံသတင်းရင်းမြစ် ၂၀ ဦးနှင့် အင်တာဗျူး ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် သေမှုသေခင်း စုံစမ်းသည့် မှုခင်းပညာရှင်များ၊ ဒဏ်ရာများနှင့် လက်နက်များကို လေ့လာသည့် လက်နက် ကျွမ်းကျင်သူများနှင့်လည်း တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု HRW က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား