CNI International News

ကာရာကက်စ်၊ ဖေဖော်ဝါရီ ၂၃ 

ဗင်နီဇွဲလားနှင့် ရုရှားနိုင်ငံအအကြား ပူးပေါင်းဆောင်ရွက်မှုတွင် အထင်ကြီးစရာကောင်းသည့် ရလဒ်များ ထွက်ပေါ် ခဲ့ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

“မနေ့က ကျနော် ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အထင်ကြီးစရာကောင်းတဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။ ရုရှားစီးပွားရေး လုပ်ငန်းရှင်အဖွဲ့ဟာ ဗင်နီဇွဲလားကို လာရောက်ပြီး လယ်ယာစိုက်ပျိုးရေးပစ္စည်း ကိရိယာတွေနဲ့ လယ်ယာထွက်ကုန်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပါတယ်”ဟု မာဒူရိုက Venezolana de Television ရုပ်သံနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) ကလည်း ရုရှားသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ထိခိုက်ခဲ့ရသည့် ဗင်နီဇွဲလား၏ လယ်ယာထွက်ကုန်များကို ဝယ်ယူရန် အသင့်ရှိကြောင်း ကြေညာခဲ့သည်။

“ဒါဟာ ဗင်နီဇွဲလားရဲ့ လယ်ယာထွက်ကုန်တွေ တင်ပို့ရောင်းချမှုအတွက် နောက်ထပ် အားပေးကူညီမှုတစ်ခု ဖြစ်ပါတယ်”ဟု လာဗရော့ဗ်က ပြောသည်။

ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီး ယီဗန်ဂျီလ်ပင်တိုကို တွေ့ရစဉ်

လာဗရော့ဗ်သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် ခင်မင်ရင်းနှီးမှုရှိသည့် ဆက်ဆံရေးများကို ပိုမိုခိုင်မာစေရန် ဗင်နီဇွဲလားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီး ယီဗန်ဂျီလ်ပင်တို (Yvan Gil Pinto)က ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

“လာဗရော့ရဲ့ ခရီးစဉ်ဟာ ရုရှားနဲ့ ဗင်နီဇွဲလားနိုင်ငံကြားက ခိုင်မာပြီး ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးကို ပြသခြင်းဖြစ်ပါ တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုလိုနီဝါဒကို ဆန့်ကျင်ရေး၊ အချုပ်အခြာအာဏာပိုင် နိုင်ငံများအပေါ် တစ်ဖက်သတ် ပိတ်ဆို့မှုများ ချမှတ်သည့် နိုင်ငံများကို ဆန့်ကျင်ရေးတို့အတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင် ရန် ဆုံးဖြတ်ခဲ့သည်ဟု ပင်တိုက ပြောသည်။

“ရုရှားနဲ့ ဗင်နီဇွဲလားဟာ နိုင်ငံတကာဥပဒေကို ကာကွယ်ဖို့အတွက် ဆက်လက်ပြီး တက်ကြွစွာ တိုက်ပွဲဝင်သွား မှာပါ”ဟု ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်သည် ဖေဖော်ဝါရီ ၂၁ ရက်က ဗင်နီဇွဲလားသို့ ၁ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုနှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။

Source: တာ့စ်