CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ သိန်းခွဲကို ဝယ်ယူရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းလှမ်းခဲ့သော်လည်း လက်ရှိတွင် တင်ပို့နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၁ သိန်းခွဲ တင်ပို့ရေး ဗီယက်နမ် - မလေးရှား စီးပွားရေး အဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူသည့် ဈေးနှုန်း သည့် နည်းပါးနေခြင်းကြောင့် ဈေးနှုန်းညှိနှိုင်း၍ အဆင်မပြေသည့်အတွက် တင်ပို့နိုင်ခြင်းမရှိ ဖြစ်နေသည်ဟု မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် အဲဒါက cancel ဖြစ်နေတယ်။ အခုတော့ မရောင်းဖြစ်သေးဘူးပေါ့နော်။ လက်ရှိက ဆန်တင်ပို့ဖို့ ဟိုဘက်နဲ့ ဈေးနှုန်းညှိမရဘူး ဖြစ်နေတယ်။ လောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ်တော့ မရောင်းဖြစ် သေးဘူး။ တခြားနိုင်ငံတွေကိုတော့ ရောင်းနေပါတယ်။ ဒီအချိန်ကတော့ အခက်အခဲတွေ အများကြီး သွားရမှာပေါ့ နော်။ Export ရော ပြည်တွင်းဈေးကွက်ရော အကျပ်အတည်းတွေ နည်းနည်းရှိနေတာ တွေ့ရတယ်” ဟု ပြော သည်။

ပြည်ပသို့ ဆန်တင်ပို့ရန် ပြင်ဆင်နေစဉ်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပင်လယ်ရေကြောင်းဖြင့် ဆန်တင်ပို့မှု စတင်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် တင်ပို့မှု မရှိသေးကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ခုတည်းသာ ဈေးနှုန်းညှိနှိုင်းမှု အဆင်မပြေခြင်းကြောင့် တင်ပို့နိုင်ခြင်း မရှိသော်လည်း တင်ပို့နေကျဖြစ်သည့် တခြားသောနိုင်ငံများသို့ ပုံမှန်တင်ပို့မှု ရှိနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ဆန်ကို ဝယ်ယူရန်အတွက် ကမ်းလှမ်းမှုများ ရှိသော်လည်း လက်ရှိတွင် ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ကုန်သည်များက တင်ပို့မှု မပြုလုပ်ကြခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာ့ဆန်ကိုတွေ့ရစဉ်

၎င်းက “အရင်ကတော့ ဘင်္ဂလားဒေ့ရှ်ကို ရောင်းဖို့ အစီအစဉ်ရှိတယ်။ ဒါပေမယ့် ပြည်တွင်း Local ဈေးတွေ တက်လာတော့ မရောင်းတော့ဘူးဆိုပြီးတော့ ပြန်သတ်မှတ်ထားတယ်။ ဒီနောက်ပိုင်းတော့ ပြန်ရောင်းမယ်ဆိုတဲ့ ဟာတော့ မသိဘူး။ ပြည်တွင်းဈေးတွေ တက်လာတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ကို ခဏရပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့က နှစ်ခါတိတိ ရောင်းတာတော့ ၂ ခေါက်ရှိပြီ။ ဟိုဘက်နဲ့က အဆင်ပြေပါတယ်။ ရေကြောင်းကနေပဲ သွားတာ” ဟု ပြောသည်။

ပို့ကုန်တင်ပို့မှုနှင့် ပတ်သက်၍ ပို့ကုန်ရငွေ မူဝါဒ ပြောင်းလဲ သတ်မှတ်ထားခြင်းကြောင့် ကုန်သည်များ အကျိုးအမြတ် ရရှိမှုသည် ယခင်ကထက် လျော့နည်းလျက် ရှိနေသည်ဟု သိရသည်။

ဆန်နှင့် ဆန်ကွဲ ပို့ကုန်တင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေကို စက်သုံးဆီနှင့် စားအုန်းဆီများကို တင်သွင်းခွင့်ပြုသော် လည်း အစိုးရမှ သတ်မှတ်ပေးထားသည့် နှုန်းထားဖြင့်သာ ရောင်းချရမည်ဟု ကန့်သတ်ထားခြင်းကြောင့် ကုန်သည်များသည် သွင်းကုန်တင်သွင်းခြင်း မလုပ်ဆောင်ကြတော့ကြောင်း သိရသည်။

ထို့ကြောင့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးဖြင့် လဲလှယ်၍ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ပေါက်ဈေးဖြင့် ‌ရောင်းချရသည့်စနစ်ကို ပြန်လည်သတ်မှတ်ခဲ့သည်။