CNI News

၂၀၂၃ ခုနှစ်၊ မတ် ၁၀

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့ရာတွင် လက်ရှိ၌ ဆန်တစ်အိတ် တင်ပို့သည့်အခါ ငွေကျပ် တစ်သောင်းကျော် ဆုံးရှုံးနေခြင်းကြောင့် ဆန်တင်ပို့မှုများ လျော့ကျလာကြောင်း မူဆယ်နယ်စပ် ဆန်ကုန်သည်များထံမှ သိရသည်။

မတ်လ ၁ ရက်က စတင်၍ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှရရှိသည့် ပို့ကုန်ရငွေကို ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်လိုက်ခြင်းကြောင့် ကုန်သည်များ အကျိုးအမြတ် ရရှိမှု နည်းပါးသွားကြောင်း သိရသည်။

ထို့ကြောင့် ဆန်တင်ပို့မှုများ လျော့နည်းလာပြီး မတ်လ ၁ ရက်နေ့ မတိုင်ခင် ပမာဏနှင့် နှိုင်းယှဉ်ပါက ၄ ဆခန့် ကျဆင်းသွားကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်ဘက်ကို ဆန်အိတ်များ တင်ပို့နေစဉ်

ဦးမင်းသိန်းက “မတ်လ ၁ ရက်နေ့ကနေ စပြီးတော့ ၆၅၊ ၃၅ ကို ဗဟိုဘဏ်ကနေ သတ်မှတ်လိုက်တယ်။ ၆၅၊ ၃၅ သတ်မှတ်လိုက်တဲ့ အချိန်အခါမှာ ဆန် ၁ အိတ်ကို ရောင်းတဲ့နေရာမှာ ယွမ်ငွေကို မြန်မာငွေနဲ့ ပြန်တွက်ရင် ဆန် ၁ အိတ်ကို ၁၀၈၀၀ နစ်နာတာ တွေ့ရတယ်။ ဒီလို နစ်နာသွားတဲ့အတွက် ကုန်သည်တွေအဖို့မှာ အကျိုးအမြတ် တော် တော် မရှိသလောက် ဖြစ်သွားတယ်။ အဲဒီလို အကျိုးအမြတ် မရှိတဲ့အချိန်အခါမှာ မြန်မာပြည်ကနေ တရုတ်ပြည် ကို ဆန်ပို့တာမှာ သူတို့က အနည်းအကျဉ်းလောက်ပဲ ပို့နိုင်တော့တယ်။ အရင်လို များများစားစား မပို့နိုင်တော့ဘူး။ အနည်းအကျဉ်း ဆိုတာတောင်မှ လိုင်စင်လက်ကျန်လေးတွေ၊ မပို့လို့ မဖြစ်တဲ့ဟာလေးတွေသာ အနည်းအကျဉ်း ပို့ရတာ။ ဒါကြောင့် တရုတ်ပြည်ကို မူဆယ်၊ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ပြည်ကို ဆန်ပို့မှု ဟာ မတ်လ ၁ ရက်နေ့ကနေစပြီးတော့ ဒီကနေ့အထိက တော်တော်လေး နည်းသွားတာကို တွေ့ရှိရပါတယ်။ မတ်လ ၁ ရက်နေ့ မတိုင်ခင်အထိကို နေ့စဉ် ဆန်နဲ့ဆန်ကွဲဟာ တန် ၅၀ ပါ တွဲကား၊ အိတ်ရေ ၁၀၀၀ ပါတဲ့ တွဲကား၊ တစ်နေ့ကို အစီး ၄၀ နဲ့ ၅၀ ကြားမှာ နေ့စဉ်ဝင်ပါတယ်။ မတ်လ ၁ ရက်နေ့ ကစပြီးတော့ ဒီကနေ့အထိဆိုရင်တော့ ၉ စီးနဲ့ ၁၀ စီးပဲ ဝင်တာ တွေ့ရှိရပါတယ်” ဟု ပြောသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နှုန်းထားသည် တရုတ်ယွမ်ငွေ ၁ ယွမ်ကို ၃၀၀ ကျပ်ခန့်သာရှိပြီး ပြင်ပပေါက်ဈေး တွင် ၄၀၀ ကျပ်ခန့် ဈေးနှုန်း ဖြစ်ပေါ်နေကြောင်း၊ ဒေါ်လာနှုန်းထားတွင်လည်း ဗဟိုဘဏ် ဈေးနှုန်းသည် ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပတွင် ၂၈၀၀ ခန့် ဖြစ်ပေါ်နေကြောင်း သိရသည်။

 ဆန်ပွဲရုံကိုတွေ့ရစဉ်

လက်ရှိတွင် ပြည်တွင်း ဆန်ဈေးနှုန်းသည် မြင့်တက်လျက်ရှိနေပြီး တရုတ်နိုင်ငံမှ ဝယ်ယူသည့် ဈေးနှုန်းသည် ပုံမှန် အတိုင်းသာ ရှိနေသည့်အတွက် ကုန်သည်များ အကျိုးအမြတ် ရရှိမှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ ပြည်တွင်း ဆန် ဈေးနှုန်း တစ်သောင်းကျပ်ခန့် ကျဆင်းမှသာ နယ်စပ်မှတဆင့် ဆန်တင်ပို့မှု ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန် လာနိုင်မည်ဖြစ်ကြောင်း ဦးမင်းသိန်းက ဆက်ပြောသည်။

၎င်းက “တရုတ်နိုင်ငံဘက်က မြန်မာပြည်ဘက်မှာ ငွေကြေးမူဝါဒပဲ ပြောင်းပြောင်း၊ ဆန်အတက်အကျပဲ ပြောင်း ပြောင်း သူ့ဟာသူ ဒီဈေးက ဒီဈေးပဲ ဝယ်တယ်။ ဆန်ဈေးကျသွားလို့ ဈေးလျှော့ပြီးတော့ ဝယ်တာလည်း မရှိဘူး။ ဆန်ဈေးတိုးသွားလို့ ဈေးတိုးပြီး ဝယ်တာလည်း မရှိဘူး။ သူတို့ကတော့ သူတို့ သတ်မှတ်ထားတဲ့ အတိုင်း ကိုက်ရင် ရောင်း၊ မကိုက်ရင် မရောင်းနဲ့။ ဒါကြောင့် သူတို့နိုင်ငံမှာ လက်ရှိကတော့ တရုတ်ပြည်က ဆန်ဝယ်တဲ့ ဈေးနှုန်းက ယခင်အတိုင်းပါပဲ။ နဂိုအခြေအနေ ဘာလို့ နဂိုအခြေအနေ ပြန်ရောက်သွားမှ ဖြစ်မယ်၊ ဘယ်လိုပြန်ရောက် သွား နိုင်လဲဆိုတော့ အဓိကတော့ ပြည်တွင်းမှာ ဆန်ဈေး ကျပေးရမယ်။ ဆန်ဈေး တစ်အိတ်ကို တစ်သောင်းလောက် ကျပေးရမယ်။ ဆန်ဈေး တစ်အိတ်ကို တစ်သောင်းလောက် ကျပေးမှ အန်ကယ်တို့ ကနေပြီးတော့ မြန်မာပြည်က ဆန်ကို ဝယ်ပြီးတော့ တရုတ်ပြည်ကို တင်ပို့ရောင်းချနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြည်တွင်း ဆန်ဈေးနှုန်းတွင် ပြည်ပသို့ တင်ပို့သည့် ဆန်ကြမ်းအမျိုးအစား ၁ အိတ်လျှင် ယခင်က ၄၄၀၀၀ ကျပ် သာရှိသော်လည်း လက်ရှိတွင် ၅၈၀၀၀ ကျပ်အထိ မြင့်တက်နေပြီး ဆန်တစ်အိတ်လျှင် ၁၄၀၀၀ ကျပ်ခန့် မြင့်တက် သွားသည်ကို တွေ့ရှိရသည်။

နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့မှု အနေဖြင့် ပြည်တွင်း ဆန်ဈေးနှုန်း ကျဆင်းခြင်း သို့မဟုတ် တရုတ် နိုင်ငံမှ ဝယ်ယူသည့် ဈေးနှုန်းသည် တိုးမြှင့်မှသာ ဆန်တင်ပို့မှု ပြန်လည် ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ သို့မဟုတ် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ် နှုန်းထားဖြင့် လဲလှယ်ရခြင်း မရှိတော့သည့် အချိန်မှသာ ဆန်တင်ပို့မှုများ ပြန်လည် ကောင်းမွန်လာမည်ဖြစ်သည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။