CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဗင်နီဇွဲလားနိုင်ငံ၏ Cartel de los Soles အမည်ရှိ မူးယစ်ဆေးဝါးဂိုဏ်းကို ပြည်ပအကြမ်းဖက်အဖွဲ့များ စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုမူးယစ်ဆေးဝါးဂိုဏ်းသည် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) နှင့် အဆက်အသွယ်ရှိ ကြောင်း အမေရိကန်က စွပ်စွဲထားသည်။

လက်ရှိတွင် ထိုမူးယစ်ဆေးဝါးဂိုဏ်းကို ပြည်ပအကြမ်းဖက်အဖွဲ့ စာရင်းတွင် ထည့်သွင်းလိုက်ပြီဖြစ်၍ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် လုပ်ပိုင်ခွင့်အသစ်များ ရရှိလာခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) က ပြောကြားခဲ့သည်။

အမေရိကန်သည် Cartel de los Soles မူးယစ်ဆေးဝါးဂိုဏ်းကို အကြမ်းဖက်စာရင်း သွင်းမည်ဖြစ်၍ အမေရိကန် တွင် နေထိုင်သူများ အနေဖြင့် ထိုဂိုဏ်းနှင့် ပတ်သက်ခဲ့မည်ဆိုပါက ရာဇဝတ်မှု မြောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်က ဆန္ဒပြနေကြစဉ် 

ထို့ပြင် မာဒူရိုသည် ဗင်နီဇွဲလားနိုင်ငံ၏ တရားဝင်မှုရှိစွာ ရွေးကောက်ခံခဲ့ရသည့် ခေါင်ဆောင် မဟုတ်ကြောင်း၊ မာဒူရိုသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်နေကြောင်းလည်း ဟက်ဆက်က One America News သတင်းဌာနကို ပြေကြားခဲ့သည်။

မာဒူရိုကမူ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

Cartel de los Soles မူးယစ်ဆေးဝါးဂိုဏ်းသည် ဗင်နီဇွဲလား၏ လူဆိုးဂိုဏ်းဖြစ်သည့် Tren de Aragua ဂိုဏ်းနှင့် လက်တွဲပြီး မူးယစ်ဆေးဝါးများကို အမေရိကန်နိုင်ငံအတွင်းသို့ မှောင်ခို သွင်းနေသည်ဟုလည်း အမေရိကန် အရာရှိများက စွပ်စွဲခဲ့သည်။

အမေရိကန်သည် Tren de Aragua လူဆိုးဂိုဏ်းကိုလည်း ယခင်ကတည်းက ပြည်ပအကြမ်းဖက်အဖွဲ့ စာရင်းတွင် ထည့်သွင်းခဲ့သည်။

Cartel de los Soles မူးယစ်ဆေးဝါးဂိုဏ်းကို ပြည်ပအကြမ်းဖက်အဖွဲ့ စာရင်းသွင်းမှုသည် နိုဝင်ဘာ ၂၄ ရက်တွင် စတင် အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။

Source: ရိုက်တာ